စစ်အေးတိုက်ပွဲကာလ တရုတ်-မြန်မာဆက်ဆံရေးကို ပြန်လည်အကဲဖြတ်ကြည့်ခြင်း

“ပဋိပက္ခ” များက မြန်မာနိုင်ငံအပေါ် ဖိအားများနှင့်ခြိမ်းခြောက်မှုပုံစံ ဖြစ်လာသည်။ ယင်းကလည်း ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် တရုတ်ဆန့်ကျင်သောနိုင်ငံ ဖြစ်လာပြီး အမေရိကန်ဘက်သို့ ကူးပြောင်းသွားမှုကို တားဆီးရန်ဖြစ်သည်။

By ကြည်ဖြူစံ 20 Apr 2022

ဓာတျပုံ - Facebook

DMG ၊ ဧပြီ ၂၀ ရက်

(ဘာသာပြန်ဆောင်းပါး)

စစ်အေးတိုက်ပွဲကာလ မျက်နှာပြင်ပေါ်မှာ တရုတ်-မြန်မာဆက်ဆံရေးကို တင်ကြည့်လျှင် ထူးခြားချက်များရှိနေ သည်ကို တွေ့ရပေလိမ့်မည်။ နှစ်နိုင်ငံဆက်ဆံရေးမှာ ၁၉၄၉ ခုနှစ်တွင်စတင်ခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ (PRC) ကို အသိအမှတ်ပြုခဲ့သည့် ဆိုရှယ်လစ်မဟုတ်သော ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၆၀ ခုနှစ် ှာတော့ မြန်မနိုင်ငံသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်အငြင်းပွားမှုကို ပထမဆုံးဖြေရှင်းရသောနိုင်ငံ ဖြစ်လာခဲ့သည်။ ထိုနှစ်မှာပဲဘေဂျင်းနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်ကျူးကျော်မှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးခဲ့သော နိုင်ငံကလည်း မြန်မာနိုင်ငံပင်ဖြစ်သည်။

ထိုအချိန်ကစပြီး နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍတွင် စိတ်ကူးသစ်များ မိတ်ဆက် အကောင်အထည်ဖော်လာကြတော့သည်။ ၁၉၅၀ နှင့် ၁၉၆၀ ခုနှစ်များတွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအား အခြားအာရှနှင့် အာဖရိကနိုင်ငံများဆက်ဆံ ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် စံပြအဖြစ် တရုတ်နိုင်ငံက သတ်မှတ်ခဲ့သည်။ ထို့ပြင် တရုတ်-မြန်မာဆက်ဆံရေးက ဆိုရှယ်လစ်နှင့် ဆိုရှယ်လစ်မဟုတ်သော နိုင်ငံများကြား “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၏ ဥပမာတစ်ခုဖြစ် လာခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် တရုတ်နှင့်မြန်မာက “ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်” ကိုသတ်မှတ် ခဲ့ပြီး ထိုမူ ၅ ချက်က နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံမူများဖြစ်ကြောင်း အတည်ပြုခဲ့ကြသည်။

နောက်ထပ် ၆ နှစ်အကြာမှာတော့ တရုတ်-မြန်မာချစ်ကြည်ရေးနှင့် နှစ်နိုင်ငံမကျူးကျော်ရေး စာချုပ်ကိုလက်မှတ် ရေးထိုးခဲ့သည်။ ၎င်းတွင် နှစ်နိုင်ငံအကြား ထာဝရငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုရှိသင့်သည်ဟု ပြဌာန်းထား သည်။ ဆယ်နှစ်သက်တမ်းအထိ ချုပ်ဆိုခဲ့သောစာချုပ်အရ တရုတ်နှင့်မြန်မာတို့က အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးပြီး အင်အားသုံးခြင်းမရှိဘဲ ဖြေရှင်းသွားမည်ဟု ကတိပြုခဲ့ကြသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံက အလားတူစာချုပ်မျိုးကို အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယားတို့နှင့်လည်း ချုပ်ဆိုခဲ့သည်။

သို့သော် ခုနစ်နှစ်အကြာမှာတော့ အဆိုပါ “စံပြဆက်ဆံရေး”က ပြိုလဲသွားခဲ့လေတော့သည်။ ၁၉၆၇ ခုနှစ် ရန်ကုန်မြို့တွင်ဖြစ်ပွားခဲ့သော တရုတ်ဆန့်ကျင်ရေးဖြစ်ရပ်များက တရုတ်နှင့်မြန်မာကြားမှာ အရာရာအဆင်မပြေကြောင်း အချက်ပြခဲ့သည်။
လက်တွေ့မှာတော့ ၁၉၆၇ ခုနှစ် တရုတ်-မြန်မာဆက်ဆံရေး ပျက်ပြားမသွားမီကပင် စစ်အေးတိုက်ပွဲကာလတ လျှောက်လုံး နှစ်နိုင်ငံကြားဆက်ဆံရေးသည် ယခင်ကထက် လူသိရှင်ကြား အသိအမှတ်ပြုခံရမှု ပိုမိုများပြားလာခဲ့ပြီး နှစ်ဘက်စလုံးကလည်း တစ်ဦးနှင့်တစ်ဦး ကန့်သတ်ချုပ်ချယ်မှုများ ပြုလုပ်ခဲ့ကြသည်။ တရုတ်-မြန်မာဆက်ဆံရေးနှင့် အရှေ့တောင်အာရှဆိုင်ရာ တရုတ်မူဝါဒများနှင့်ပတ်သက်ပြီး ဘေဂျင်းရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဂွမ်ဒေါင်းပြည်နယ်နှင့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မော်ကွန်းတိုက်မှ စာရွက်စာတမ်းအများ အပြားက ဤအချက်ကို ယေဘုယျအားဖြင့် ရှင်းလင်းစွာဖော်ပြနေကြသည်။

တရုတ်နှင့်ပတ်သက်သော စိုးရိမ်ပူပန်မှုများ မြန်မာနိုင်ငံမှာရှိသည်ဟု စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။ ယင်းစိုးရိမ်မှုများက အချိန်နှင့်အမျှ ပြောင်းလဲသွားသကဲ့သို့ မြောက်ဘက်အိမ်နီးချင်းနိုင်ငံအပေါ် မြန်မာကစိုးရိမ် ကြောင်းဖော်ပြသည့် နည်းလမ်းများလည်း ရှိခဲ့သည်။ ဥပမာအားဖြင့် ၁၉၅၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံတရုတ်သံရုံးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်း ပထမဆုံးနှစ်ပတ်လည်နေ့ကို ကျင်းပပြီးနောက် တရုတ်သံတမန်များက “မြန်မာအစိုးရသည် မိမိတို့အမျိုးသားနေ့ အခမ်းအနားကို သံသယအပြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်” ဟု အစီရင်ခံ တင်ပြခဲ့ကြသည်။

၁၉၅၀ ခုနှစ် အောက်တိုဘာ ၁ ရက်က ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော ပြည်ပရောက် တရုတ်လူမျိုးအား တွေ့ဆုံမိန့် ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Yao Zhongming ၏ အမေရိကန်ဆန့်ကျင်ရေး သဘောထားမှတ်ချက်များအပေါ် မြန်မာအစိုးရက မကျေမနပ်ဖြစ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိခဲ့ရသည်။

မြန်မာနိုင်ငံသည် စစ်အေးကာလတွင် တရုတ်၊ အမေရိကန်တို့နှင့် တြိဂံဆက်ဆံရေးတွင် အလွန်ဂရုတစိုက်ရှိခဲ့ပြီး မျှတသောမူဝါဒကို ကျင့်သုံးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားပြီးနောက် သို့မဟုတ် ၁၉၆၁ ခုနှစ်တွင် နိုင်ငံမြောက်ပိုင်းရှိ ကူမင်တန်တပ်များကို အမေရိကန်က တိုက်ရိုက်ထောက်ပံ့လျက်ရှိနေကြောင်း မြန်မာအစိုးရက ကြေညာခဲ့ပြီးနောက်တွင်သော်မှ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ကိုဆန့်ကျင်ပြီး တရုတ်နှင့်ပေါင်းဖက်မည်ဆိုသော အစွန်းရောက်မူဝါဒမျိုးကို မည်သည့်အခါတွင်မှ ချမှတ်ခဲ့ခြင်း မရှိပါ။ အလားတူပင် ၁၉၆၇ ခုနှစ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆက်ဆံရေးပျက်ပြားပြီးနောက် တရုတ်နိုင်ငံအား တွန်းလှန်ခဲ့ရာတွင်လည်း မြန်မာနိုင်ငံသည် အမေရိကန်နှင့်ပူးပေါင်းခဲ့ခြင်းမရှိပါ။

တရုတ်နိုင်ငံသည်လည်းပဲ မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး မကြာခဏဆိုသလို စိုးရိမ်စိတ်များရှိနေပြီး ဘေဂျင်း၏ မြန်မာနိုင်ငံအပေါ် “နိုင်ငံရေးဦးတည်ချက်” ကလည်း အယုံအကြည်ကင်းမဲ့နေသည်သာ ဖြစ်သည်။ တရုတ်ကမြန်မာနိုင်ငံကို မျက်နှာနှစ်ဖက်ရှိသည့် လွတ်လပ်သောအမျိုးသားရေးဝါဒီနိုင်ငံအဖြစ် သတ်မှတ်သည်။ မြန်မာနိုင်ငံသည် နယ်ချဲ့စနစ်နှင့် ကိုလိုနီစနစ်ကို ဆန့်ကျင်တော်လှန်လိုစိတ် ရှိသော်လည်း နယ်ချဲ့သမားများနှင့် မကြာခဏအပေးအယူ လုပ်လေ့ရှိသည်ဟု တရုတ်က ယုံကြည်သည်။
တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ တော်လှန်ရေးသီအိုရီအရ တော်လှန်သောပါတီဖြစ်စေ တော်လှန်သောအစိုးရဖြစ်စေ၊ နိုင်ငံတနိုင်ငံသည် ဆိုရှယ်လစ်ဟုတ်သည်ဖြစ်စေ သို့မဟုတ် မဟုတ်သည်ဖြစ်စေ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ ဖြစ်ကြသော ဦးနုဖြစ်စေ ဦးနေဝင်းဖြစ်စေ တရုတ်ကွန်မြူနစ်ပါတီက ၎င်းတို့ကို အမျိုးသားဓနရှင် လူတန်းစား၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို့ကြောင့်မြန်မာနိုင်ငံသည် အမျိုးသားဓနရှင် လူတန်းစား၏ အသွင်အပြင်နှစ်ဘက်ရှိခဲ့ပြီး “စည်းလုံးမှု နှင့်ရုန်းကန်မှု” နှစ်ခုစလုံးရှိနေ သည်ဟု တရုတ်ရှုထောင့်မှ ရှုမြင်ခဲ့သည်။

“ပဋိပက္ခ” များက မြန်မာနိုင်ငံအပေါ် ဖိအားများနှင့်ခြိမ်းခြောက်မှုပုံစံ ဖြစ်လာသည်။ ယင်းကလည်း ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် တရုတ်ဆန့်ကျင်သောနိုင်ငံ ဖြစ်လာပြီး အမေရိကန်ဘက်သို့ ကူးပြောင်းသွားမှုကို တားဆီးရန်ဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို စီမံခန့်ခွဲရာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ အမေရိကန်စစ်ရေး လေ့ကျင့်မှုများအားလုံးကို သတိဝီရိယဖြင့် စောင့်ကြည့်ခဲ့သည်။ ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး ဖောက်လုပ်ရေး အပါအဝင် မြန်မာနိုင်ငံကို အမေရိကန်က အကူအညီပေးလာမည်ကို တရုတ်တို့ အထူးစိုးရိမ်ခဲ့သည်။ အလားတူ ၁၉၅၆ ခုနှစ်တွင် ချူအင်လိုင်းက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလှမောင်အား (သတိပေးချက်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သော) “အကယ်၍မြန်မာနိုင်ငံသည် အရှေ့တောင်အာရှစာချုပ်အဖွဲ့ (SEATO) သို့ဝင်ရောက်မည် ဆိုပါက နှစ်နိုင်ငံချစ်ကြည်ရေးက ရှိလာတော့မှာမဟုတ်ဘူး ” ဟုရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လေးနက်သောနိုင်ငံရေးအပြောင်းအလဲများ ကြုံတွေ့နေရသော်လည်း ၁၉၆၀ ပြည့်လွန်နှစ်များ အထိ မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံ၏ဝိရောဓိများ ပျောက်ကွယ်မသွားခဲ့ပါ။ ၁၉၆၂ ခုနှစ် ဦးနေဝင်း ခေါင်းဆောင်သော စစ်အာဏာရှင်အစိုးရ အာဏာရလာပြီးနောက်မှာတော့ မြန်မာစစ်အစိုးရသည် အာဏာရှင်သဘောသဘာဝကို ပြောင်းလဲတော့မည်မဟုတ်ဟု တရုတ်ကွန်မြူနစ်ပါတီက ယုံကြည်လာခဲ့သည်။ ၎င်းတို့အားလည်း “ဘူဇွာဗဟိုပြုများ” အဖြစ် တရုတ်ကသတ်မှတ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကို စစ်မှန်သော “ဆိုရှယ်လစ်စနစ်”အဖြစ် အသိအမှတ်ပြုခဲ့ခြင်းမရှိပေ။ ထို့ပြင်ဦးနေဝင်း၏ နိုင်ငံတွင်း၌နိုင်ငံရေးနှင့် စီးပွားရေး ဆောင်ရွက်မှုများက တရုတ်နိုင်ငံဩဇာ လွှမ်းမိုးမှုကို အားနည်းစေခဲ့ပြီး ပြည်ပရောက် တရုတ်လူမျိုးများ၏ အကျိုးစီးပွားများကို ထိခိုက်နစ်နာစေခဲ့သောကြောင့် တရုတ်က မကျေမနပ်ဖြစ်ခဲ့သည်။

ဥပမာအားဖြင့် မြန်မာနိုင်ငံတွင်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားပြီးနောက် တရုတ်သံရုံးအတွက် မိတ်ဆွေကောင်းများ ဖြစ်ကြသော နိုင်ငံရေးပါတီအသီးသီးနှင့် လူမှုရေးအဖွဲ့အစည်းအသီးသီးတို့မှ ပုဂ္ဂိုလ်အများအပြား ဆက်တိုက် ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်ပြီး တရုတ်သံတမန်များက သတိပေးခဲ့သည်။ ဦးနေဝင်းအစိုးရက တပ်မတော်အရာရှိ များနှင့် သံရုံးများကြား ဆက်ဆံရေးကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခဲ့သည်။ ထိုအချိန်တွင် (တရုတ်) သံရုံး၏ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေးလုပ်ငန်းများ အတော်ခရီးရောက်နေပြီလည်း ဖြစ်သည်။
တရုတ်နှင့်ပတ်သက်ပြီး ဦးနေဝင်း၏မူဝါဒမှာ “ဂရုစိုက်ရန်နှင့် မည်သူ့ကိုမျှမယုံကြည်ရန်” ဖြစ်ပြီး တရုတ်ကွန်မြူနစ် ပါတီကလည်း ၎င်းကို ဆက်လက်ထိန်းသိမ်းထားကာ “ဦးနေဝင်းသည် ၎င်း၏ဇာတိအရပ်ကနေ ကွန်မြူနစ်ဝါဒကို တိုက်ခိုက်နေသောကြောင့် မိမိတို့နှင့် ဆက်ဆံရာတွင် ဖော်ရွေရင်းနှီးမှုမရှိသော အပြုအမူများ ပြသလာလိမ့်မည်”ဟု တရုတ်ကွန်မြူနစ်ပါတီမှ မျှော်လင့်ပြီးသားဖြစ်သည်။

အခြားတစ်ဘက်တွင်လည်း “ဦးနေဝင်းသည် မိမိတို့နှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက် ထိန်းသိမ်းထားရန်ဆန္ဒရှိနေသည်” ဟု တရုတ်အရာရှိများက ရေးသားခဲ့ကြသည်။ ဘေဂျင်းက ရန်ကုန်ကိုအလွယ်တကူ အရှုံးပေးလိုစိတ်မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံ၏ ဗျူဟာမြောက်ရပ်တည်ချက်က အလွန်အရေးကြီးပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းအခြေအနေများ အပြောင်းအလဲက တရုတ်တို့အပေါ် အရေးပါသောအကျိုးသက်ရောက်မှုများရှိသော ကြောင့်ဖြစ်သည်။ ထို့ကြောင့်တရုတ်တို့က ဦးနေဝင်းအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့် သက်တောင့်သက်သာ နေရသော ကြားနေရေးကို ထောက်ခံအားပေးပြီး ဦးနေဝင်းအစိုးရ အတွက် ဆက်လက်တိုက်ပွဲဝင်ရန်သာ ဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးမူဝါဒနှင့်အညီ မိမိတို့က အတွင်းပိုင်းပြောင်းလဲမှုများနှင့် ဆက်နွယ်နေသည့် သီးခြားပြဿနာများကို သတိရှိရှိ ကိုင်တွယ်ဖြေရှင်းပြီး မိမိတို့အလုပ်ကို သမာဓိရှိရှိဖြင့် အစွမ်းကုန်လုပ်ဆောင်ရန် ဖြစ်သည်ဟု တရုတ်ကယူဆခဲ့သည်။
ရိုးရှင်းစွာဆိုရလျှင်တော့ ၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာရလာခြင်းက အမေရိကန်လိုလားသော ခေါင်းဆောင်ဖြစ်ခဲ့သည်ထက် တရုတ်နိုင်ငံအတွက် ပိုမိုအကျိုးရှိခဲ့စေသည်ဟု တရုတ်က ခြုံငုံသုံးသပ်ခဲ့သည်။

ထို့အတွက်ကြောင့်လည်း တရုတ်ပြောသမျှယုံကြည်နေသော ဦးနေဝင်းအစိုးရကို တခြားသူများနှင့် ပူးပေါင်းမသွားရန် တရုတ် ကွန်မြူနစ်ပါတီက သည်းသည်းလှုပ် ထောက်ခံခဲ့သည်။ အထူးသဖြင့် ဦးနေဝင်းအစိုးရကို ဖြုတ်ချပြီး နောက်ထပ်စစ်အာဏာသိမ်းမှုတစ်ခု သို့မဟုတ် ဦးနေဝင်းအစိုးရ စီးပွားရေးကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရချိန် များတွင် ဖြစ်သည်။ ပင်လယ်ရပ်ခြား တရုတ်လူမျိုးများအပေါ် တရုတ်ကွန်မြူနစ်ပါတီ၏ ရပ်တည်ချက်က အဆိုပါ မူဝါဒအတွက် အမှတ်အသားဖြစ်သည်။

“ပြည်ပရောက် တရုတ်လူမျိုးတွေက အရှေ့တောင်အာရှ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုတွေကို ထောက်ခံအားပေးခြင်း၊ မိမိတို့နိုင်ငံရဲ့ ဆိုရှယ်လစ်စနစ်တည်ဆောက်မှု၊ နိုင်ငံတကာငြိမ်းချမ်းရေး ကြိုးပမ်းမှုနဲ့ အရင်းရှင်နယ်ချဲ့ဝါဒ ဆန့်ကျင်ခြင်းတွေကို ဆောင်ရွက်ရမယ်” ဟုဘေဂျင်းက ပြောခဲ့ဖူးလေသည်။

ထိုသို့ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံရောက်တရုတ်များ၏ ပိုင်ဆိုင်မှုများကို ဦးနေဝင်းက ပြည်သူပိုင်သိမ်းယူလိုက်သောအခါ တရုတ်တို့အတွက် နိုင်ငံရေးနှင့်စီးပွားရေးအရ ဆုံးရှုံးမှုများ ရှိလာခဲ့သည်။ သို့သော်လည်း ပြည်ပရောက် တရုတ်လူမျိုးများ၏ အကျိုးစီးပွားအတွက် ကာကွယ်ပေးရန် ဘေဂျင်းက ဆန္ဒမရှိခဲ့ပေ။ နိုင်ငံရပ်ခြားရောက် တရုတ်လူမျိုးများနှင့်ဦးနေဝင်းအစိုးရတို့ အကြားက ပဋိပက္ခကို ဖြေရှင်းခြင်းထက် အခြေအနေမှန်ကို တရုတ်က လက်ခံသင့်သည်ဟု ဘေဂျင်းကပြောကြားခဲ့သည်။ မူဝါဒရေးရာအရ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း “ပြည်ပရောက် တရုတ်လူမျိုးများအနေဖြင့် (မြန်မာ)အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်မှုများ မပြုလုပ်နိုင်ရန် တရုတ်-မြန်မာ ချစ်ကြည်ရေး အားကောင်းလာစေရန်ကိုသာ အလေးပေး ပြောကြားခဲ့သည်။

“ပြည်ပရောက် တရုတ်လူမျိုးတွေ အခက်အခဲနဲ့ရင်ဆိုင်နေရချိန်မှာ အပြန်အလှန်ကူညီပံ့ပိုးမှုနဲ့ လူမှုရေးဆိုင်ရာ ကြိုးပမ်းမှုတွေကို လုံ့လစိုက်ပြီး ရေရှည်ရှင်သန်နိုင်မှုကို အကျိုးပြုနိုင်မယ့် ပညာပေးရေး အစီအစဉ်တွေနဲ့ တရုတ်လူမျိုးတွေကို ပညာပေးသင့်တယ်” ဟုသာ တရုတ်အစိုးရက ဆက်ပြီးပြောနေခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ အမြင်တွင် ပြည်ပရောက် တရုတ်နိုင်ငံသားများ၏ အကျိုးစီးပွားက တရုတ်-မြန်မာချစ်ကြည်ရေးတွင် လက်အောက်ခံသာဖြစ်သည်။ သို့မဟုတ် နောက်ထပ်တစ်နည်း ဆိုရသော် ပြည်ပရောက် တရုတ်လူမျိုးများ၏ အသက်မွေးဝမ်းကြောင်းနှင့် စားဝတ်နေရေးက ဘေကျင်းအစိုးရ အကျိုးစီးပွားအတွက် လက်အောက်ခံသာ ဖြစ်သည်။

ဤစာတမ်းတွင် ဖော်ပြထားသကဲ့သို့ တရုတ်-မြန်မာဆက်ဆံရေး၏ ထင်ရှားသော ကိုယ်စားပြုမှုများနှင့် သရုပ်မှန် ဆက်ဆံရေးကြားက ခြားနားချက်ကို ကျွန်ုပ်တို့ သတိပြုသင့်သည်။ ဆက်ဆံရေးကဏ္ဍတွင် ထူးခြားချက်များစွာ ရှိသော်လည်း ဒုက္ခတွေကလည်း ဝေစုအဖြစ်ပါဝင်ပြီး ဖြစ်သည်။ စစ်အေးကာလအတွင်း တရုတ်-မြန်မာဆက်ဆံရေး ဆိုင်ရာများကို ထပ်မံသုတေသနပြုမည် ဆိုလျှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဒေသဆိုင်ရာ မော်ကွန်းတိုက် များမှ စာရွက်စာတမ်းများကို အသုံးပြုခြင်းဖြင့် ပြီးမြောက်အောင်နိုင်သည်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသော ယူနန်ပြည်နယ်တွင် ဖြစ်သည်။

ဘေဂျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မော်ကွန်းတိုက်သည် တစ်ချိန်တုန်းကတော့ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် အရှေ့တောင် အာရှဆိုင်ရာ တရုတ်မူဝါဒများကိုလေ့လာရန် အကောင်းဆုံးသောနေရာ ဖြစ်ခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်းက အပြောင်းအလဲများကြောင့် အသုံးဝင်မှု ကျဆင်းသွားခဲ့သည်။ ထို့ကြောင့်လည်း ရန်ကုန်ရှိ အမျိုးသားမော်ကွန်းတိုက်နှင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန မော်ကွန်းတိုက်များနှင့် အခြားမြန်မာနိုင်ငံတွင်းရှိ မော်ကွန်းတိုက်များက သမိုင်းပညာရှင်များ ရှာဖွေနေကြသော အချက်အလက်များကို သိမ်းဆည်းထားနိုင်မည့် နေရာများ ဖြစ်ကြပေသည်။

ကြည်ဖြူစံ

Wilson Center တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Hongwei Fan” နှင့် “Charles Kraus” တို့ရေးသားသော “Reassessing China-Myanmar Relations during the Cold War” ကိုဆီလျော်အောင် ရေးသားသည်။

ဗီဒီယိုများ