ကြားဖြတ်သတင်း

တရုတ်နိုင်ငံအပေါ် မြန်မာအီလစ်တွေရဲ့သဘောထား

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေကြသူတွေရဲ့ တရုတ်အစိုးရဆီဦးတည်နေတဲ့ ပြင်းပြပူလောင်နေတဲ့ဒေါသတွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ ဒီတွေ့ရှိချက်က အံဩဖို့ကောင်းလောက်အောင်ကိုပဲ အရောရောအထွေးထွေးနဲ့ ကွဲလွဲမှုတွေရှိနေပါတယ်။ အမှန်တကယ်ဆိုရင်လည်း ဒီစစ်တမ်းမှာတွေ့ရမှုတွေဟာ စင်္ကာပူနိုင်ငံရဲ့ ISEAS-Yusof Ishak Institute က နှစ်စဉ်ထုတ်ဝေတဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အခွင့်ထူးခံအီလစ်တွေရဲ့ သဘောထားအမြင်များဆိုင်ရာစစ်တမ်း ၂၀၂၂ ခုနှစ် တွေ့ရှိချက်တွေနဲ့ သိသိသာသာကိုပဲ ကွဲလွဲနေပါတယ်။

ကြည်ဖြူစံ 01 Oct 2022

တရုတ်နိုင်ငံခြားရေးဝန်ကြီးအား စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် တရုတ်သံရုံးမှ တာဝန်ရှိသူများက ညောင်ဦးလေဆိပ်တွင် ကြိုဆိုနေကြသည်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ဓာတ်ပုံ - AP

ဘာသာပြန်ဆောင်းပါး

DMG | အောက်တို ၁

ဩဂုတ်လနှောင်းပိုင်းလောက်က မြန်မာနိုင်ငံအခြေစိုက်တဲ့ လေ့လာဆန်းစစ်ရေးအဖွဲ့တစ်ဖွဲ့က တရုတ်-မြန်မာ ဆက်ဆံရေးဆိုင်ရာအခြေအနေတွေနဲ့ အခွင့်ထူးခံအီလစ်တွေရဲ့ တရုတ်နိုင်ငံအပေါ်ထားတဲ့သဘောထားတွေကို လေ့လာဆန်းစစ်ထားတဲ့စစ်တမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒဆိုင်ရာလေ့လာရေးအဖွဲ့ (ISP-Myanmar) ရဲ့အစီရင်ခံစာမှာ မြန်မာစစ်တပ်ကအာဏာသိမ်းပြီးတစ်နှစ်အကြာ ဖေဖော်ဝါရီနဲ့ မတ်လတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ စီးပွားရေး အသင်းအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစတဲ့အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် ၂၁၅ ယောက်နဲ့ တွေ့ဆုံပြီး စစ်တမ်းကောက်ယူခဲ့ပါတယ်။

ဒီလိုစစ်တမ်းကောက်ယူခဲ့ရာမှာတော့ ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာ အာဏာသိမ်းခဲ့တဲ့စစ်အုပ်စုအပေါ် လက်တွေ့ကျကျ ထောက်ခံမှုတွေရှိနေသလို တရုတ်နိုင်ငံအပေါ် အတိုင်းအတာတစ်ခု အထိမယုံကြည်ရတဲ့ သံသယဖြစ်စရာကောင်းတဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို အံအားသင့်ဖို့ကောင်းအောင်ကိုပဲ တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ရဲ့လုပ်ရပ် တွေအပေါ်မှာ မကျေမနပ်ဖြစ်နေတာတွေဟာ အခြေအနေအရသာ ဖြစ်နေပုံပေါ်ပြီး မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့မူဝါဒတွေကိုသာ ပြန်ပြီးပြင်ဆင်ပြောင်းလဲခဲ့မယ်ဆိုရင် တိုးတက်ကောင်းမွန်လာနိုင်ဖွယ်ရှိတယ်လို့ စစ်တမ်းကဖော်ပြလိုပုံပေါ်ပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ဩဂုတ်လနှောင်းပိုင်းမှာဖော်ပြခဲ့တဲ့ အဲဒီစစ်တမ်းမှာ ပါဝင်ဖြေဆိုထားသူအများစု (၅၅ ရာခိုင် နှုန်း) က တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းမဟုတ်တဲ့နိုင်ငံလို့ အဆိုးမြင်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။ ဒီလို ထုတ်ဖော်ပြောကြားခဲ့မှုတွေမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းနီးစပ်မှုနဲ့ မြန်မာနိုင်ငံ အတွင်းမှာရှိနေတဲ့ တရုတ်နိုင်ငံရဲ့ ထင်ရှားကြီးကျယ်တဲ့ စီးပွားရေးကဏ္ဍတို့ကြောင့်ဖြစ်တယ်ဆိုတဲ့အမြင်မျိုးဖြစ်နေတာဟာ အံ့ဩစရာတော့လည်းမဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ပိုပြီးအံ့ဩဖို့ကောင်းတဲ့အချက်က နောက်ထပ်ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံဟာ မြန်မာရဲ့အိမ်နီးချင်းကောင်းဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြခြင်းပါ။

သဘောထားကွဲလွဲမှုတွေကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ သဘောထားကွဲလွဲမှုဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဘေကျင်းက စစ်တပ်ကြီးစိုးထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ထိထိရောက်ရောက်အသိအမှတ်ပြုပြီး လက်တွဲဆောင်ရွက်နေတာကိုတွေ့မြင်ခဲ့ရသလို မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့သဘောထားတွေကိုလည်း ထင်ဟပ်ဖော်ပြနေပါတယ်။ ရာခိုင်နှုန်းနည်းနည်းသာပိုတဲ့ အများစု ၅၄ ရာခိုင်နှုန်းက မြန်မာ့နိုင်ငံရေးအကြပ်အတည်းတွေအတွင်းမှာ တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍကို “အပြုသဘောမဆောင်” ဒါမှမဟုတ် “လုံးဝ အသိအမှတ်မပြု”လို့ ရှုမြင်ထားပါတယ်။နောက်ထပ် အံဩစရာနည်းနည်းကောင်းနေတာက ဖြေဆိုသူတွေရဲ့ ၄၀ ရာခိုင်နှုန်းက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍက “အပြုသဘောဆောင်တယ်” ဒါမှမဟုတ် “အလွန်ကိုပဲ အပြုသဘောဆောင်တယ်”လို့ ဖြေဆိုခဲ့တဲ့အချက်ပါ။

တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အစိုးရိမ်ဆုံးကိစ္စတွေကိုမေးမြန်းတဲ့အခါမှာတော့ တရုတ်ရဲ့စီးပွားရေးလွှမ်းမိုးမှုတွေ အပေါ် ၃၉ ရာခိုင်နှုန်း၊ ပထဝီဝင်နိုင်ငံရေးအရလွှမ်းမိုးမှုအပေါ် ၃၁ ရာခိုင်နှုန်းနဲ့ နိုင်ငံတွင်းပဋိပက္ခတွေအပေါ် ဝင်ဝင်စွက်ဖက်တဲ့အပေါ် ၁၉ ရာခိုင်နှုန်း အသီးသီးစိုးရိမ်မှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံအဖြစ်တည်ရှိနေတဲ့ တရုတ်နိုင်ငံရဲ့အနေအထားက စစ်တမ်းဖြေဆိုသူအားလုံးရဲ့ထက်ဝက်ကျော် ၅၈ ရာခိုင်နှုန်းအတွက် စိုးရိမ်စရာအဖြစ်ရှိနေပြီး ၂၆ ရာခိုင်နှုန်းကသာ ကြိုဆိုသင့်တဲ့ တိုးတက်မှုတစ်ရပ်အဖြစ် ဖော်ပြခဲ့ကြပါတယ်။ ဒီလိုဖြစ်ရတာကလည်း စီးပွားရေးဆက်ဆံမှုတွေကြောင့် မြန်မာနိုင်ငံက ရရှိလာနိုင်တဲ့စီးပွားရေးအကျိုးကျေးဇူးတွေကြောင့်ဖြစ်တယ်လို့ ယူဆမယ်ဆိုရင်လည်း ယူဆလို့ရပါတယ်။ ဒါပေမယ့် စစ်တမ်းရလဒ်တွေအရ မြန်မာနိုင်ငံရဲ့ တရုတ်နဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေဟာ အထူးသဖြင့်ကတော့ တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ အကြီးစားအခြေခံအဆောက်အအုံစီမံကိန်းတွေမှာ တရုတ်နိုင်ငံကို အကြီးအကျယ်အကျိုးဖြစ်ထွန်းစေတယ်ဆိုတဲ့ သဘောထားတွေကို ရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။

ဒီအချက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ အိန္ဒိယသမုဒ္ဒရာတို့ကိုဆက်သွယ်ဖို့ ပုံစံထုတ်ထားတဲ့ အခြေခံအဆောက်အဦဆိုင်ရာစီမံကိန်းအများအပြားကို စုပေါင်းစီမံထားတဲ့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံဆိုင်ရာသဘောထားတွေကို အရှင်းလင်းဆုံးထင်ဟပ်ပြသနေပါတယ်။ CMEC လို့အတိုကောက်ခေါ်ဝေါ်လေ့ရှိကြတဲ့ တရုတ်-မြန်မာစီးပွားရေး စင်္ကြံအပေါ်ထားရှိတဲ့ သဘောထားတွေအပေါ် စစ်တမ်းကောက်ယူခဲ့ရာမှာတော့ CMEC ရဲ့ အကျိုးအမြတ်အများစုက တရုတ်နိုင်ငံကိုရောက်ရှိသွားမယ်လို့ ၈၃ ရာခိုင်နှုန်းကဖြေကြားခဲ့ပြီး ၁၂ ရာခိုင်နှုန်းကသာ ဒီစီမံကိန်းဟာ နှစ်နိုင်ငံလုံးကို အပြန်အလှန်အကျိုးပြုနေစေလိမ့်မယ်လို့ ဖြေကြားခဲ့ပါတယ်။ CMEC ရဲ့အကျိုးအမြတ်တွေက မြန်မာနိုင်ငံ အတွက် အများဆုံးဖြစ်လိမ့်မယ်လို့ဖြေဆိုသူကတော့ တစ်ယောက်မှမရှိခဲ့ပါဘူး။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်နေကြသူတွေရဲ့ တရုတ်အစိုးရဆီဦးတည်နေတဲ့ ပြင်းပြပူလောင်နေတဲ့ဒေါသတွေကို ထည့်သွင်းတွက်ချက်မယ်ဆိုရင်တော့ ဒီတွေ့ရှိချက်က အံဩဖို့ကောင်းလောက်အောင်ကိုပဲ အရောရောအထွေးထွေးနဲ့ ကွဲလွဲမှုတွေရှိနေပါတယ်။ အမှန်တကယ်ဆိုရင်လည်း ဒီစစ်တမ်းမှာတွေ့ရမှုတွေဟာ စင်္ကာပူနိုင်ငံရဲ့ ISEAS-Yusof Ishak Institute က နှစ်စဉ်ထုတ်ဝေတဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အခွင့်ထူးခံအီလစ်တွေရဲ့ သဘောထားအမြင်များဆိုင်ရာစစ်တမ်း ၂၀၂၂ ခုနှစ် တွေ့ရှိချက်တွေနဲ့ သိသိသာသာကိုပဲ ကွဲလွဲနေပါတယ်။

အဲဒီစစ်တမ်းရဲ့တွေ့ရှိချက်အရဆိုရင်တော့ တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ ဒေသတွင်းစီးပွားရေးအပေါ်လွှမ်းမိုးမှု တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအခြေစိုက်ဖြေဆိုကြသူပေါင်း ၈၇ ဒဿမ ၃ ရာခိုင်နှုန်းက စိုးရိမ်ကြောင်းဖြေဆိုခဲ့ကြပြီး ဒေသတွင်းပျမ်းမျှဖြေဆိုမှု ၆၄ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါထက်ပိုပြီး တရုတ်နိုင်ငံရဲ့တိုးမြှင့်လာနေတဲ့ဒေသတွင်းနိုင်ငံရေးနဲ့ ဗျူဟာမြောက်ဩဇာလွှမ်းမိုးမှုတွေနဲ့ပတ်သက်လို့ ၉၃ ဒဿ မ ၅ ရာခိုင်နှုန်းက စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုတဲ့ပြောဆိုချက်ကို ဒေသတွင်းပျမ်းမျှ ၇၆ ဒဿမ မ ရာခိုင်နှုန်းနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ မြန်မာနိုင်ငံအခြေစိုက်ဖြေဆိုသူ ၁ ဒဿမ ၄ ရာခိုင်နှုန်းကသာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အခြေခံထုံးတမ်းစဉ်လာတွေကိုထိန်းသိမ်းပေးဖို့နဲ့ နိုင်ငံတကာဥပဒေတွေအပေါ် လေးစားလိုက်နာရာမှာ ဦးဆောင်မှုပေးဖို့ တရုတ်နိုင်ငံရဲ့စွမ်းဆောင်မှုတွေကို ယုံကြည်နေကြတယ်လို့ ဖော်ပြထားပါတယ်။

အခုလို ကြီးမားတဲ့ကွာဟချက်ရှိနေရတာကလည်း ဖြေဆိုသူတွေကိုရွေးချယ်တဲ့အပေါ်မူတည်ပြီးဖြစ်လာတာ ကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကောက်ယူထားတဲ့စစ်တမ်းနှစ်ခုစလုံးမှာ ဖြေဆိုသူအရေအတွက်ကလည်း နည်းပါးနေပါတယ်။ စင်္ကာပူနိုင်ငံရဲ့ ISEAS-Yusof Ishak Institute အစီရင်ခံစာမှာ လူဦးရေ ၃၅၀ နဲ့ ISP-Myanmar ရဲ့ သုတေသနပြုမှုမှာတော့ လူဦးရေ ၂၁၅ ယောက်လောက်သာရှိခဲ့ပါတယ်။

အဓိကကွာခြားချက်ကတော့ ဖြေဆိုသူတွေရဲ့ ကိုယ်စားပြုမှုဖြစ်ပြီး ISP-Myanmar ရဲ့စစ်တမ်းမှာပါဝင်ခဲ့ကြသူတွေရဲ့ ၁၈ ဒဿမ ၆ ရာခိုင်နှုန်းက CMEC အကောင်အထည်ဖော်မှုတွေမှာ ပတ်သက်နေတဲ့အဖွဲ့အစည်းတွေအပါအဝင် စီးပွားရေးအသင်းအဖွဲ့တွေကို ကိုယ်စားပြုနေသူတွေဖြစ်ကြပါတယ်။ ISEAS-Yusof Ishak Instituteရဲ့အစီရင်ခံစာ မှာလည်း အလားတူသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုမှုတွေက ၂ ဒဿမ ၆ ရာခိုင်နှုန်းရှိပါတယ်။ စီးပွားရေးကဏ္ဍတွေကိုကိုယ်စားပြုပြီး ပါဝင်ဖြေဆိုကြသူတွေဟာ တရုတ်နိုင်ငံရဲ့စီးပွားရေးဩဇာလွှမ်းမိုးမှုတွေအပေါ်မှာ ပိုပြီးအကောင်းမြင်တာမျိုး ဒါမှမဟုတ် အပြုသဘောဆောင်တာမျိုး အမြင်ရှိနေကြတဲ့အတွက် မြန်မာနိုင်ငံဟာ  CMEC နေ အကျိုးအမြတ်တွေ ရရှိလိမ့်မယ်လို့ယူဆနေကြတာ သဘာဝတော့လည်းကျပါတယ်။

ဒါ့အပြင် ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေက စစ်တမ်းမှာပါဝင်ဖြေဆိုခဲ့ကြသလဲ ဆိုတာနဲ့ စစ်တမ်းဟာ အာဏာသိမ်းမှုကိုဆန့်ကျင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ကိုယ်စားပြုမှုရှိခဲ့သလားဆိုတာကိုလည်း ဘယ်လိုမှ  ရှင်းရှင်းလင်းလင်းမသိရပါဘူး။ လူထုကမုန်းတီးနေတဲ့ စစ်အုပ်စုနဲ့ပူးပေါင်းတဲ့အတွက် တရုတ်နိုင်ငံကို လူအများစုကမကျေမနပ်ဖြစ်နေကြတယ်ဆိုတဲ့ ခိုင်မာမှုမရှိတဲ့အထောက်အထားတွေက အခွင့်ထူးခံအီလစ်လူတန်းစားတွေရဲ့ ထင်မြင်ချက်တွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိသလဲဆိုတာကလည်း မေးဖို့ကျန်နေသေးတဲ့ မေးခွန်းပါပဲ။

ဘယ်လိုပဲဖြစ်နေပါစေ ISP-Myanmar ရဲ့စစ်တမ်းရလဒ်တွေအရ အီလစ်အခွင့်ထူးခံလူတန်းစားတွေရဲ့ တရုတ် အပေါ်အဆိုးမြင်တဲ့စိတ်သဘောထားတွေဟာ ဗီယက်နမ်နိုင်ငံလိုနိုင်ငံတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပျော့ပျောင်း နေပါသေးတယ်။ ဗီယက်နမ်မှာတော့ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေဟာ အမျိုးသားရေးလက္ခဏာ လွှမ်းမိုးကြီး စိုးနေတဲ့အယူအဆတွေနဲ့ နီးနီးကပ်ကပ်ဆက်နွယ်နေပါတယ်။ တရုတ်နိုင်ငံဘက်က သင့်တော်တဲ့စီမံခန့်ခွဲတွေ ပြုလုပ်ပေးတာက ဒီလိုစိုးရိမ်မှုတွေကို ပိုပြီးလျော့ပါးလာနိုင်ပါစေလိမ့်မယ်။ သမိုင်းကြောင်းအရပြောရရင်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့မူဝါဒမှာ ဒေသခံတွေရဲ့သဘောထားအမြင်တွေကို ပေါင်းသပ်ထည့်သွင်း ပေးလိုတဲ့စိတ်ဆန္ဒနဲ့ လုပ်ဆောင်နိုင်စွမ်း ရှိ၊မရှိ ဆိုတဲ့အချက်တွေအပေါ် လူအများစုကတော့ သံသယတွေရှိနေတုန်းပါပဲ။

ကြည်ဖြူစံ

“The Diplomat” တွင်ဖော်ပြထားသော “Sebastian Strangio” ရေးသားသည့် “Survey Indicates Ambivalence About Growing Chinese Influence in Myanmar” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ