ကိုဗစ်နောက်ပိုင်း ပထမဆုံးပြည်ပခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင် ပူတင်နှင့်တွေ့မည်

ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တည်းက ပြည်တွင်း၌သာနေခဲ့သော တရုတ်သမ္မတရှီကျင့်ဖျင်သည် ယခုသီတင်းပတ်တွင် ပထမဆုံး ပြည်ပခရီးစဉ်တစ်ခု စတင်ရန်ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုခရီးစဉ်အတွင်း ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

12 Sep 2022

တရုတ်သမ္မတရှီကျင့်ဖျင်။ ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၁၂

ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားချိန်တည်းက ပြည်တွင်း၌သာနေခဲ့သော တရုတ်သမ္မတရှီကျင့်ဖျင်သည် ယခုသီတင်းပတ်တွင် ပထမဆုံး ပြည်ပခရီးစဉ်တစ်ခု စတင်ရန်ရှိနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုခရီးစဉ်အတွင်း ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

ရှီသည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကာဇက်စတန်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ထားသည်။ ထို့နောက်တွင် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်မြို့တွင်ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း ထိပ်သီးအစည်းအဝေးတွင် သမ္မတပူတင်နှင့်တွေ့ဆုံမည်ဟု ကာဇက်စတန်နှင့် ကရင်မလင်တို့ထံမှသိရသည်။

သမ္မတပူတင်သည် အဆိုပါအစည်းအဝေးတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် စီစဉ်ထားသည်ဟု ပူတင်၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြံပေး ယူရီအူရှာကော့က ပြီးခဲ့သောသီတင်းပတ်တွင် သတင်းထောက်များကို ပြောကြားသည်။ သို့သော်လည်း ဆွေးနွေးမည့် အကြောင်းအရာများကိုမူ ပြောကြားခြင်း မရှိပေ။

ရှီကျင့်ဖျင်၏ ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်ဘက်က အတည်ပြုပြောကြားခြင်း မရှိသေးပေ။

တရုတ်သည် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။ ရုရှားသည်လည်း ယူကရိန်းကျူးကျော်စစ်ကြောင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည်။

ယခုတွေ့ဆုံမှုသည် ရှီ၏ သြဇာအာဏာကို ပိုမိုအားကောင်းလာစေမည် ဖြစ်သလို ပူတင်အတွက် ဆိုလျှင်လည်း အာရှဘက်သို့ ဦးလှည့်လာသည့် ရုရှားဆက်ဆံရေးကို ပြသနိုင်မည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ