မြန်မာ့ဒီမိုကရေစီရေးတွင် အမေရိကန်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့ဆက်ဆံဖို့လို

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၂၀ နီးပါး လက်ရှိအချိန်အထိ လှုပ်ရှားလျက်ရှိသည်။ ၎င်းအဖွဲ့အစည်းများက ဆယ်စုနှစ်များစွာကြာအောင် မြန်မာစစ်တပ်ကို လက်နက်ကိုင်တော်လှန်ခဲ့ပြီး နိုင်ငံရေးအရလည်း အရေးပါသော အဖွဲ့အစည်းများဖြစ်သလို မိမိတို့နယ်မြေကို စိုးမိုးထားနိုင်ကာ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် အခြားလူမှုရေးဆိုင်ရာများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။

By ကြည်ဖြူစံ 09 May 2022

ဓာတ်ပုံ - AFP

DMG ၊ ဘာသာပြန်ဆောင်းပါး

အာဏာသိမ်းပြီး ၁၄ လကျော်ကာလအတွင်း မြန်မာစစ်တပ်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်းသည် ၁၇၀၀ ကျော်ရှိသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချပြီးနောက်ပိုင်း အကြမ်းဖက်မှုများ ကျယ်ပြန့်လာခဲ့ပြီး မြန်မာစစ်တပ်က ရက်စက်သောနည်းဗျူဟာချမှတ်ကာ ဒေသခံလူထုများအပေါ် နှိမ်နင်းလာခဲ့သည်။ ဆန္ဒပြသူများကိုမြန်မာစစ်တပ်က စစ်တပ်သုံးယာဉ်များဖြင့် တိုက်ခိုက်ခဲ့သလို အရပ်သားများကို အရှင်လတ်လတ်မီးရှို့ခဲ့ပြီး ဖမ်းဆီးခံရသူများကိုလည်း စစ်ကြောရေးစခန်းများတွင် နှိပ်စက်ညှဉ်းပမ်းမှုများ ပြုလုပ်ခဲ့သည်။

မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက တစိုက်မတ်မတ် ရှုတ်ချခဲ့သလို မြန်မာနိုင်ငံတွင ်ဒီမိုကရေစီပြန်လည်ထူထောင်ဖို့ တောင်းဆိုခဲ့သည်။ အာဏာသိမ်းမြန်မာစစ်တပ်ကို ဖိအားပေးနိုင်ရန်အတွက် ဘိုင်ဒန်အစိုးရက မြန်မာစစ်ခေါင်းဆောင်များ၊ ၎င်းတို့၏စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့နှင့်ပတ်သက်သူ များအပေါ် အမျိုးမျိုးသော စီးပွားရေးပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည်။

သို့သော်ငြားလည်း လက်ရှိအချိန်အထိ ထင်သာမြင်သာသောရလဒ် အနည်းငယ်သာရရှိခဲ့သော အဆိုပါ ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်ပြီးသက်ရောက်မှုများ အပေါ် ကျွမ်းကျင်သူများ ဆွေးနွေးငြင်းခုံလျက်ရှိသည်။

အာဏာသိမ်းကာလ တစ်နှစ်လွန်မြောက်လာပြီးနောက်မှာတော့ မြန်မာနှင့်ပတ်သက်ပြီး အမေရိကန်ချဉ်းကပ် ဆောင်ရွက်နေသောနည်းလမ်းများကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်လာသည်။ ပြီးခဲ့သောအောက်တိုဘာလတွင် စတင် တင်သွင်းခဲ့ပြီး အမေရိကန်အောက်လွှတ်တော်ရှိ ရီပတ်ဘလီကင်နှင့် ဒီမိုကရက်အမတ်များ လပေါင်းများစွာ ကြာအောင် ဆွေးနွေးခဲ့ကြသည့် Burma Act 2021 ကို မကြာသေးမီကပဲ အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါဥပဒေတွင် “မြန်မာ့ဒီမိုကရေစီအရေး မြှင့်တင်နိုင်ရန်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို ထောက်ခံရန်နှင့် မြန်မာ စစ်တပ်ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအတွက် တာဝန်ခံမှုရှိလာအောင် ဆောင်ရွက်ရန်” စသည်တို့ပါဝင်သည်။

အကယ်၍အမေရိကန်ပြည်ထောင်စုက အာဏာသိမ်းပြီးနောက်ပိုင်း အပြင်းထန်ဆုံး စစ်ဒဏ်ခံနေရပြီး မြန်မာနိုင်ငံအတွက် အရေးအပါဆုံးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဆက်ပြီးလျစ်လျူပြုနေဦး မည်ဆိုပါက ယင်းရည်မှန်းချက်များ အောင်မြင်ရန် ခက်ခဲနေပေလိမ့်ဦးမည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၂၀ နီးပါး လက်ရှိအချိန်အထိ လှုပ်ရှားလျက်ရှိသည်။ ၎င်းအဖွဲ့အစည်းများက ဆယ်စုနှစ်များစွာကြာအောင် မြန်မာစစ်တပ်ကို လက်နက်ကိုင်တော်လှန်ခဲ့ပြီး နိုင်ငံရေးအရလည်း အရေးပါသော အဖွဲ့အစည်းများဖြစ်သလို မိမိတို့နယ်မြေကို စိုးမိုးထားနိုင်ကာ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်ရေးနှင့် အခြားလူမှုရေးဆိုင်ရာများကိုလည်း ဝန်ဆောင်မှုပေးလျက်ရှိသည်။

တိုင်းရင်းသားအဖွဲ့အစည်း အများစုကတော့ လက်ရှိအာဏာသိမ်းစစ်တပ်ကို ဦးတည်ဆန့်ကျင် တိုက်ခိုက်လျက်ရှိနေပြီး အချို့သော အဖွဲ့အစည်းများကလည်း စစ်တပ်အတိုက်အခံ အင်အားစုများနှင့် ဒီမိုကရေစီရေး လှုပ်ရှားသူများကို ကူညီပံ့ပိုးလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် အဆိုပါအုပ်စုများထဲမှ မည်သည့်အဖွဲ့အစည်းကိုမဆို ငွေကြေး သို့မဟုတ် စစ်ရေး အထောက်အပံ့များပေးရန် သတိပြုခဲ့မိပြီးသား ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရေရှည်တည်တံ့နိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဆက်ဆံရေးတည်ဆောက်ခြင်းနှင့် အများပြည်သူ အသိအမှတ်ပြုခြင်းများ အပါအဝင် အခြားသော ထိတွေ့ဆက်ဆံမှုပုံစံများဖြင့် အကူအညီပေးနိုင်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအားလုံး အသုံးဝင်နိုင်သော မိတ်ဘက်များမဟုတ်ကြသော်လည်း အချို့ကတော့ အသုံးဝင်သောမိတ်ဘက်များ ဖြစ်လာနိုင်သည်။

အမေရိကန်မူဝါဒရေးရာသမားများ အနေဖြင့် မြန်မာနိုင်ငံတွင် ခိုင်မြဲသောပြည်သူ့ဆက်ဆံရေး တည်ဆောက်နိုင်ရန် တိုင်းရင်းသားအဖွဲ့အစည်းအချို့ကို ရွေးချယ်ပြီး ဆက်ဆံရေး စတင်သင့်ပေပြီ။ ထိုသို့ဆက်ဆံရေး တည်ဆောက်နိုင်ရန်အတွက် အကြောင်း ၃ ချက်ရှိနေသည်။

ပထမဆုံးအချက်မှာ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းမဆို ပါဝင်မည်ဖြစ်သည်ကို သံသယဖြစ်ဖွယ်မရှိပေ။ ၎င်းတို့သည် မြန်မာ့နိုင်ငံရေးတွင် လျစ်လျူပြု၍မရနိုင်လောက်အောင် ၎င်းတို့၏ဘဝကို နက်ရှိုင်းစွာ နစ်မြှုပ်ထားခဲ့ကြသည်။

ဒုတိယအချက်မှာ အကယ်၍ ညှိနှိုင်းဆွေးနွေးမှုတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသာ ပါဝင်ခဲ့မည်ဆိုပါက ရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော မြန်မာနိုင်ငံဒီမိုကရေစီ တည်ဆောက်ရေးမူဘောင်ကို အမျိုးသားညီညွတ်ရေးအစိုးရက ဆက်လက်ကြိုးပမ်းနိုင်လိမ့်မည်။ အမေရိကန်ပေါ်လစီမိတ်ကာများက ထိုသို့ဖြစ်လာရန် အားထုတ်နိုင်သည်။

နောက်ဆုံးအချက်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ လက်တွဲလုပ်ဆောင်မည်ဆိုပါက မြန်မာနိုင်ငံတွင် ကြီးထွားလာနေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြီးကို လျှော့ချလာနိုင်မည်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ပဋိပက္ခဒဏ်ခံနေ ရသူများအတွက် လိုအပ်သောအကူအညီများ ပေးစွမ်းနိုင်သူများဖြစ်သည်။

မြန်မာ့ပြည်တွင်းစစ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ

မြန်မာ့အရေးနှင့်ပတ်သက်ပြီး လေ့လာကြည့်လျှင် ဒီမိုကရေစီအရေးပဋိပက္ခနှင့် ပြည်တွင်းစစ်က အတူယှဉ်တွဲကြီး ပြင်းလာသည်ကို တွေ့ရပေလိမ့်မည်။ ၁၉၄၈ ခုနှစ် နိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ သို့သော်လည်း ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်ချိန်မှာတော့ ဒီမိုကရေစီလမ်းကြောင်း ပြောင်းပြန်လှန်သွားခဲ့တော့သည်။ နိုင်ငံအစွန်အဖျားတွင် နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများ၏ မကျေနပ်ချက်များက မတည်ငြိမ်မှုကြီးထွားလာစေဖို့ လောင်စာများဖြစ်လာခဲ့သည်။

လူနည်းစုတိုင်းရင်းသားများထဲမှ များစွာ သောလူမျိုးစုများက နိုင်ငံရေးလွတ်လပ်ခွင့်အတွက် အာဏာသိမ်းသူများနှင့် ထိပ်တိုက်ရင်ဆိုင်ရန် လက်နက်များ ကိုင်ဆောင်ခဲ့ရတော့သည်။

၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း မြန်မာနိုင်ငံသည် တင်းကြပ်သော စစ်အုပ်ချုပ်ရေးအောက်တွင် တံခါးပိတ်နိုင်ငံဖြစ်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ခွဲထွက်အဖွဲ့သစ်များ ပဋိပက္ခတွင်ပါဝင်လာသောကြောင့် ပြည်တွင်းခြိမ်းခြောက်မှု ပိုမိုများပြားလာခဲ့သည်။

စစ်ပွဲအရှိန်မြင့်လာသည်အမျှ အချို့သောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့လွတ်လပ်ရေးနှင့် ပတ်သက်ပြီး ဖက်ဒရယ်ဒီမိုကရေစီကို တောင်းဆိုခဲ့ကြသည်။ ၁၉၈၄ ခုနှစ်တွင် အမျိုးသားဒီမိုကရက်တစ်တပ်ဦး (NDF) ဟုလူသိများသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ မဟာမိတ်အဖွဲ့က တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များနှင့် ဒီမိုကရက်တစ်မူဘောင်များ အတွက် လူသိရှင်ကြား တောင်းဆိုခဲ့ကြသည်။ သို့သော် စစ်အာဏာရှင်များက ငြင်းပယ်ခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးရာတွင်လည်း “ဖက်ဒရယ်”ဆိုသောစကားလုံးကို သုံးစွဲခွင့် တားမြစ်ခဲ့သည်။ ၎င်းအသုံးအနှုန်းကို သုံးစွဲလျှင်ပင် ထောင်ဒဏ်များချမှတ်နိုင်သည်ဟု သိရသည်။

၁၉၈၉ ခုနှစ် မှ ၂၀၁၀ ခုနှစ် အတွင်း တိုင်းပြည်တည်ငြိမ်ရန် ရည်ရွယ်ပြီး နှစ်ဘက်အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ခဲ့သော်လည်း ၎င်းသဘော တူညီချက်များက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နိုင်ငံရေးမကျေနပ်ချက်ကို ဖြေရှင်းနိုင်စွမ်းမရှိခဲ့ပေ။

၂၀၁၁ ခုနှစ်တွင် စစ်တပ်မှအရပ်သားအစိုးရထံသို့ ၎င်း၏အာဏာတချို့ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အမြန်ဆုံးစတင်နိုင်ရန် ဆောင်ရွက်ခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုများက “ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်၏ အခြေခံမူဘောင်များပေါ်တွင် အခြေခံထားသည့် ပြည်ထောင်စုကိုတည်ထောင်ရန်”အဆိုပြုထားပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါသဘော တူညီချက်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်တစ်ရပ်ကို ချမှတ်ထားပြီး ဖက်ဒရယ်ဒီမိုကရေစီအတွက် သီးခြားအချက်များ ညှိနှိုင်းရန်ပါရှိသည်။ ၂၀၁၅ ခုနှစ်တွင် အဖွဲ့ ၈ ဖွဲ့က သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၈ တွင် နောက်ထပ်အဖွဲ့ ၂ ဖွဲ့ပါဝင်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အရပ်သားအစိုးရကိုဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးနောက်မှာတော့ အဆိုပါနိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားတော့သည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဆွေနွေးမှုများ ကျိုးကြေသွားခဲ့ပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုသည်ကလည်း သေဆုံးသွားတော့သည်။

ပြည်တွင်းသဘောထား ကွဲလွဲမှုကို အမြစ်ဖြုတ်ပြီး နိုင်ငံကိုထိန်းချုပ်ရန်အတွက် မြန်မာစစ်တပ်မှ စတင်ခဲ့သော အကြမ်းဖက်မှုလှိုင်းသစ်က နိုင်ငံကို ရှော့ခ်ရစေခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဩဇာတချို့တဝက် လွှမ်းမိုးထားနိုင်သော အဓိကကစားသမားများ ဖြစ်လာကြသည်။ ၎င်းအဖွဲ့အစည်းများသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ လျော့ရဲရဲနိုင်သော တပ်ဖွဲ့များထက် ပိုမိုအားကောင်းပြီး စုစည်းမှုလည်းရှိသည်။ ဥပမာဆိုရလျှင် တရုတ်-မြန်မာနယ်စပ်မှ အင်အား ၂၀၀၀၀ မှ ၃၀၀၀၀ ကြားရှိသော မြန်မာနိုင်ငံ၏ အကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည့် “ဝ” သည် အမြောက်များ၊ သံချပ်ကာများဖြင့် လှုပ်ရှားဆောင်ရွက်နိုင်စွမ်းရှိသည်။ ထိုင်းနယ်စပ်တလျှောက်တွင်လည်း KNU က နယ်မြေထိန်းချုပ်ထားနိုင်ပြီး လူဦးရေ ၈ သိန်းနီးပါးကို အုပ်ချုပ်ထားသည်။ အဖွဲ့ကို ပုံမှန်ရွေးကောက်ပွဲများ၊ ပြည်တွင်းကွန်ဂရက်များ သီးခြားကျင်းပပေးပြီး နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ အထက်တန်းကျမှုများဖြင့် အဆင့်မြင့် ဖွဲ့စည်းထားသည်။

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်။

ကြည်ဖြူစံ

Warontherocks တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Kaitlyn Robinson” ရေးသားသည့် “To Support Democracy in Myanmar, Engage with Ethnic Armed Organizations” ကိုဆီလျော်အောင် ရေးသားသည်။

ဗီဒီယိုများ