မြန်မာနှင့် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးစီမံကိန်းသစ်တစ်ခု ပူးပေါင်းဆောင်ရွက်နေ

မြန်မာစစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာပဲ ယူကရိန်းစစ်ပွဲကြောင့် မြန်မာနိုင်ငံအနေဖြင့် အတိတ်က အပယ်ခံအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်က ယုံကြည်စိတ်ချရသော ၎င်း၏စစ်ဘက်မဟာမိတ်ဟောင်းများထဲမှ တစ်ဦးဖြစ်သော မြောက်ကိုရီးယားနိုင်ငံထံသို့ ပြန်ပြီး ဦးလှည့်သွားခြင်းမှာ အံ့ဩစရာတစ်ခုတော့လည်း မဟုတ်ပေ။

By ကြည်ဖြူစံ 30 Mar 2022

၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သော စစ်ရေးပြအခမ်းအနား။ (မြန်မာ့အလင်း)

DMG၊ မတ် ၃၀

မြန်မာစစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာမှာပဲ ယူကရိန်းစစ်ပွဲကြောင့် မြန်မာနိုင်ငံအနေဖြင့် အတိတ်က အပယ်ခံအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်က ယုံကြည်စိတ်ချရသော ၎င်း၏စစ်ဘက်မဟာမိတ်ဟောင်းများထဲမှ တစ်ဦးဖြစ်သော မြောက်ကိုရီးယားနိုင်ငံထံသို့ ပြန်ပြီး ဦးလှည့်သွားခြင်းမှာ အံ့ဩစရာတစ်ခုတော့လည်း မဟုတ်ပေ။

မြန်မာစစ်တပ်ကို စောင့်ကြည့်လေ့လာလျက်ရှိနေသည့် ရန်ကုန်အခြေစိုက် လွတ်လပ်သော သုတေသနအဖွဲ့တစ်ဖွဲ့၏ အဆိုအရ ယခင်စစ်မှုထမ်းဟောင်းများနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-မြောက်ကိုရီးယားဆက်ဆံရေးက ပုံမှန်ပြန်ဖြစ်နေပြီဟု ဆိုသည်။

ကမ္ဘာ့အလယ်တွင် အထီးကျန်နိုင်ငံအဖြစ် ရပ်တည်နေရသော နိုင်ငံနှစ်နိုင်ငံသည် ဖျက်အားပြင်း ပဲ့ထိန်းဒုံးတည်ဆောက်မှု အဓိကပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွင် တိုးတက်လာသောအနေအထား ရောက်ရှိလာပုံပေါ်သည်ဟု ဒေသတွင်း သုတေသနအဖွဲ့တစ်ဖွဲ့ကလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားထံမှ ဖျက်အားပြင်းပဲ့ထိန်းဒုံး တည်ဆောက်ရေးနည်းပညာကို ၂၀၀၈ ခုနှစ်တွင် စတင်ရရှိခဲ့ပြီး အဆိုပါပဲ့ထိန်းဒုံး ကျွမ်းကျင်ကိုရီးယားပညာရှင် ၂၀ ကျော်လည်း ၂၀၁၅ ခုနှစ်အစောပိုင်းအထိ မြန်မာနိုင်ငံတွင်းမှာ ရှိနေခဲ့ကြသည်။ ၎င်းတို့ထဲမှ အချို့ပညာရှင်များ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခြင်း မသေချာသော်လည်း နည်းပညာနှင့်အတတ်ပညာများကိုမူ မြန်မာစစ်တပ်သို့ သေချာပေါက်လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

မြန်မာနိုင်ငံသည်ပြုံယမ်းနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ဆက်ဆံရေးပြတ်တောက်သွားခဲ့ပြီး ယင်းမတိုင်ခင်ကတော့မူ မြန်မာစစ်တပ်မှ နည်းပညာရှင် ၃၁ ဦးကိုမြောက်ကိုရီးယားသို့ နှစ်လကြာ လေ့ကျင့်သင်တန်းစေလွှတ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နှင့်အနောက်နိုင်ငံများက ၎င်းတို့၏ မြန်မာနိုင်ငံမူဝါဒကို သပိတ်မှောက်ခြင်းနှင့် ပိတ်ဆို့အရေးယူမှုများ ဆာင်ရွက်နေချိန် ၂၀၁၀ ခုနှစ် အစောပိုင်းကာလများတွင် မြောက်ကိုရီးယားနှင့်မြန်မာစစ်တပ် ပူးပေါင်းဆောင် ရွက်မှုက အရေးအကြီးဆုံးသော ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ် ဖြစ်ခဲ့သည်။

ထို့နောက်မှာတော့ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်ပြီး နိုင်ငံရေးပွင့်လင်းမှုလက္ခဏာများ ပြသနိုင်ချိန်မှသာ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးကို ပုံမှန်အတိုင်း ပြန်လည်ထူထောင်နိုင်ခဲ့သည်။ ဦးသိန်းစိန်သမ္မတအဖြစ် ၂၀၁၁ - ၂၀၁၆ တာဝန်ထမ်းဆောင်ခဲ့ချိန်မှာတော့ မြန်မာနိုင်ငံကိုနိုင်ငံတကာအပယ်ခံ အဖြစ်မှ အနောက်နိုင်ငံ မဟာမိတ်အသစ် အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲခဲ့သည်။

ပြီးခဲ့သောနှစ်မှာတော့ သွေးထွက်သံယိုအာဏာသိမ်းမှုက အကြွင်းမဲ့စစ်အုပ်ချုပ်ရေး၏ အမှောင်မိုက်ဆုံးသောနှစ် များဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး မြန်မာစစ်ဗိုလ်ချုပ် တစ်ဦးချင်းစီနှင့် စစ်ဘက်ဆိုင်ရာ စီးပွားရေးအကျိုးစီးပွားများကို ပစ်မှတ်ထားအရေးယူမှုများ အပါအဝင် အနောက်နိုင်ငံများက ပိတ်ဆို့မှုအသစ်များ ပြန်လည်ချမှတ်လာခဲ့သည်။

မြန်မာလို အတိုကောက်ဖြင့် က.ပ.စ (ကာကွယ်ရေးပစ္စည်းစက်ရုံ) သို့မဟုတ် ကာကွယ်ရေးစက်မှု လုပ်ငန်းညွှန်ကြားမှုဦးစီးဌာနတွင် မြန်မာစစ်တပ်အတွက် လက်နက်အများအပြားကို စက်ရုံအများအပြားတို့ဖြင့် ထုတ်လုပ်လျက်ရှိနေကြောင်း သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး သတင်းများအရ သိရသည်။

အဆိုပါ ဖျက်အားပြင်းပဲ့ထိန်းဒုံးစီမံကိန်းကို မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်အတွင်းရှိ က.ပ.စ ၂၃ တွင်စတင်ခဲ့ပြီး နိုင်ငံတစ်ဝန်းပြန့်ကျဲနေသော စက်ရုံပေါင်း ၃၈ ခုအထိရှိနေသည်။ အဆိုပါစက်ရုံကို ၂၀၀၇ ခုနှစ်တွင်စတင် တည်ဆောက်ခဲ့ပြီး မြောက်ကိုရီးယားနည်းပညာရှင်များ ကြီးကြပ်မှုအောက်တွင် ဖျက်အားပြင်း ပဲ့ထိန်းဒုံးတည်ဆောက်မှုကို ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့သည်။

ယခုအချိန်မှာတော့ အဆိုပါစက်ရုံတွင် မြောက်ကိုရီးယားနိုင်ငံသားများမရှိတော့ဘဲ မြန်မာစစ်တပ်နည်းပညာရှင်များ၊ အရာရှိများနှင့်စစ်သား ရ၀၀ ခန့်ဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိနေကြောင်း အမည်မဖော်လိုသော သတင်းရင်းမြစ်များအရ သိရသည်။

မြန်မာစစ်တပ်က လက်ရှိတည်ဆောက်ဆဲ ဖျက်အားပြင်းပဲ့ထိန်းဒုံးအမျိုးအစား သုံးမျိုးရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ မြန်မာစစ်တပ်အသုံးပြုခဲ့သော SS/N-5 ၊ CK 20 နှင့် CK 21 တို့အဓိပ္ပါယ်က ဘာကိုဆိုလိုကြောင်း သို့မဟုတ် ဘာကိုဖော်ပြကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ရေငုပ်သင်္ဘောများမှ ပစ်လွှတ်သည့် R-21 ဟု လူသိများသော ရုရှားဖျက်အားပြင်း ပဲ့ထိန်းဒုံးပုံစံကို ပထမဆုံး ထုတ်လုပ်ပုံပေါ်သည်။

မြောက်ကိုရီးယားတွင် Rodong-1 ဒုံးခွင်းဒုံးဒီဇိုင်းအတွက် အသုံးပြုခဲ့ခြင်းဖြစ်ပြီး ၎င်းက မြန်မာနိုင်ငံမှာ ထုတ်လုပ်နေသော ပဲ့ထိန်းဒုံးအတွက် ရှေ့ပြေးပုံစံဖြစ်နိုင်သည်။ အခြားပဲ့ထိန်းဒုံးများဖြစ်ကြသော CK 20 သည် အကွာအဝေး ၁၃၀ ကီလိုမီတာအထိ ပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးဖြစ်ပြီး CK 21 ကတော့ အကွာအဝေးကီလိုမီတာ ရ၀၀ အထိပစ်ခတ်နိုင်သော ပဲ့ထိန်းဒုံးအမျိုးအစားဟု အဓိပ္ပါယ်ရသည်။

အဆိုပါဖျက်အားပြင်း ပဲ့ထိန်းဒုံးများအတွက် ကုန်ကြမ်းအများစုကို မြန်မာနိုင်ငံမှာပင် ထုတ်လုပ်လျက်ရှိပြီး အချို့ အစိတ်အပိုင်းများကိုတော့ မြောက်ကိုရီယားမှတဆင့် တရုတ်သို့ပေးပို့ပြီး မြန်မာနိုင်ငံသို့ တင်သွင်းလျက်ရှိသည်။ မြောက်ကိုရီးယား ကျွမ်းကျင်ပညာရှင်များက ဒီဇိုင်းပိုင်းနှင့် ထုတ်လုပ်မှုဆိုင်ရာကျွမ်းကျင်မှုများ ပံ့ပိုးပေးလျက်ရှိနေသည်ဟု သိရသည်။

ပရောဂျက်များတွင်ပါဝင်သည့် မြန်မာအရာရှိတစ်ဦးမျှ ကိုရီးယားစကား မပြောကြသော်လည်း မြန်မာနိုင်ငံတွင် နှစ်အတန်ကြာနေထိုင်ခဲ့ကြသည့် မြောက်ကိုရီးယားအချို့ကတော့ မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်စွမ်းရှိကြသည်ဟုဆိုသည်။ မြန်မာနိုင်ငံမှာနေထိုင်စဉ်အတွင်း ကိုယ်ရေးအချက်အလက်များကို လျှို့ဝှက်ထားကြသော်လည်း ၂၀၁၈ ခုနှစ်က ပိတ်သိမ်းခဲ့သော ရန်ကုန်ရှိ Pyongyang Koryo စားသောက်ဆိုင်တွင် ၎င်းတို့စားသောက်နေကြသည်ကို တွေ့မြင်ရခြင်းမှာ အထူးအဆန်းတော့လည်း မဟုတ်ပေ။

က.ပ.စ ၆ ၊ ၁၀ ၊ ၂၄ နှင့် ၂၅ စသည့် လေးခုထက်မနည်းတွင် လိုအပ်သောအစိတ်အပိုင်းများ ထုတ်လုပ်ခြင်းဖြင့် က.ပ.စ ၂၃ ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးပေးထားသည်။ က.ပ.စ ၆ သည် ပဲခူးတိုင်းဒေသကြီး   ပန်းတောင်းမြို့နယ် ညောင်ခြေထောက်ကျေးရွာတွင် တည်ရှိသည်။ ပြည်မြို့အနီး ၊ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိသော ကြီးမားပြီး အစောင့်အကြပ်ထူပြောလှသော အဆိုပါကာကွယ်ရေးစက်မှုဇုန်သည် ဧက ၃၀၀၀ ကျယ်ဝန်းပြီး အနည်းဆုံးစစ်သား ၉၀၀ ခန့်ရှိသည်။

စစ်ဘက်ဆိုင်ရာစက်ရုံအနေဖြင့် ပုံမှန်အားဖြင့် လက်နက်ငယ်များအတွက် ကျည်ဆံများနှင့် ၎င်း၏ သံမဏိစက်ရုံကို လက်နက်ထုတ်ရန်အတွက် အသုံးပြုနေပြီး တရုတ်နည်းပညာရှင်များက တည်ဆောက်ခဲ့သည်။

က.ပ.စ ၁၀ သည် မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့နယ် ကုန်းကြီးကျေးရွာအနီးတွင် တည်ရှိသည်။ ဧက ၆၀၀၀ ကျော်ကျယ်ဝန်းသော အဆိုပါနေရာတွင် စစ်သား ၆၀၀ ကျော် တာဝန်ထမ်းဆောင်လျက်ရှိသည်။ အဆိုပါ စက်ရုံကို မြေပြင်မှဝေဟင်ပစ်ဒုံးများ၊ ဝေဟင်မှဝေဟင်ပစ်ဒုံးများနှင့် ဒုံးကျည်များ ထုတ်လုပ်ရန်ရည်ရွယ်ပြီး ၁၉၉၃ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၊ ရုရှားနှင့် တရုတ်နိုင်ငံမှနည်းပညာရှင်များက စက်ရုံနှင့် စက်ပစ္စည်းကိရိယာများ ဆောက်လုပ်ရာတွင် ကူညီပေးခဲ့ပြီး လိုအပ်သောပစ္စည်းများကို တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ မှာယူထားကြောင်း သိရသည်။ ၂၀၀၃-၂၀၀၄ ခုနှစ်မှာတော့ စက်ရုံတည်ဆောက်မှုနှင့် စက်ယန္တရားတည်ဆောက်မှုများ ပြီးစီးခဲ့သည်။

စက်ရုံတစ်စိတ်တစ်ပိုင်းက မြေအောက်တွင်တည်ရှိနေပြီး မြောက်ကိုရီးယားဥမင်လိုဏ်ခေါင်း ကျွမ်းကျင်ပညာရှင် များက မြန်မာစစ်တပ်အား ၎င်းတို့တည်ဆောက်ရေးတွင် ကူညီခဲ့သည်ဟု သတင်းများအရ သိရသည်။ က.ပ.စ ၁၀ တွင် ဒုံးကျည်များနှင့် ဒုံးခွင်းဒုံးအစိတ်အပိုင်းများ ထုတ်လုပ်ရာတွင်လည်း မြောက်ကိုရီးယားနည်းပညာရှင်များ ပါဝင်ခဲ့ကြောင်းသိရသည်။ က.ပ.စ ၂၂ နှင့် ၂၄ တို့သည် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျော်မြစ်အနီးတွင် တည်ရှိသော စက်ရုံသစ်များဖြစ်ကြသည်။

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တောင်ကိုရီးယားအဆင့်မြင့်အရာရှိ ၁၈ ဦး နှင့် မြန်မာနိုင်ငံသား ၃ ဦးတို့ ရန်ကုန်မြို့တော်တွင် ဗုံးဖောက်ခွဲခံခဲ့ရပြီး ၎င်းဖောက်ခွဲမှုကို မြောက်ကိုရီးယားနိုင်ငံသားအေးဂျင့်များက ဆောင်ရွက်ခြင်းမပြုခင် ၁၉၈၃ ခုနှစ် အောက်တိုဘာလအထိ မြန်မာ နှင့် မြောက်ကိုရီးယားကြား ဆက်ဆံရေးက ခိုင်မြဲစွာ တည်ရှိနေခဲ့သည်။

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့တွင် နှစ်နိုင်ငံသံတမန်များကြား လျှို့ဝှက်တွေ့ဆုံမှုများ မှတဆင့် ၁၉၉၃ ခုနှစ် တွင် နှစ်နိုင်ငံအဆက်အသွယ်များ ပြန်လည်စတင်ခဲ့သည်။

၁၉၉၉ ခုနှစ် ဇွန်လတွင် မြန်မာစစ်တပ်မှ လက်နက်ဝယ်ယူရေး ညွှန်ကြားရေးမှူး ပြုံယမ်းသို့ သွားရောက်ခဲ့ပြီး ၂၀၀၀ ခုနှစ် နိုဝင်ဘာလတွင်လည်း နောက်ထပ်လျှို့ဝှက်ခရီးတစ်ခု သွားရောက်ခဲ့သေးသည်။ ၂၀၀၃ ခုနှစ် ဇူလိုင်လတွင် မြောက်ကိုရီးယားမှ နည်းပညာရှင်အဖွဲ့တစ်ဖွဲ့ကို ရန်ုကုန်မြို့ရှိ Monkey Point ရေတပ်စခန်းတွင် တွေ့မြင်ခဲ့ရပြီး မြောက်ကိုရီးယား အမျိုးသားလေကြောင်းလိုင်းမှ Air Kroyo သည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ စစ်လေယာဉ်ကွင်းများတွင် ဆင်းသက်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

၂၀၀၇ ခုနှစ် ဧပြီလမှာတော့ တရားဝင်ဆက်ဆံရေး ပြန်လည်စတင်ခဲ့သည်။ မြောက်ကိုရီးယားမှ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချမှုက ၁၉၉၉ ခုနှစ် ၁၃၀ မမ အမျိုးအစား ၅၉ ကွင်းပြင်သေနတ် အဓိကဝယ်ယူမှု အပါအဝင် သမားရိုးကျလက်နက်များနှင့် နည်းပညာလွှဲပြောင်းမှုများတွင် ပထမဆုံး ကန့်သတ်ချက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ မြောက်ကိုရီးယား ဥမင်လိုဏ်ခေါင်းဖောက်လုပ်ရေး ကျွမ်းကျင်သူများသည် ၂၀၀၆ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံမြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်းကိုလည်း အတည်ပြုနိုင်ခဲ့ပြီး မြေအောက်ဘန်ကာ အဆောက်အဦးကို တည်ဆောက်ခဲ့သည်ဟု စစ်တပ်က သတင်းထုတ်ပြန်ထားသည်။

ထိုအချိန်က မြန်မာစစ်တပ်၏ အထက်တန်းအဆင့်တွင် နံပါတ် ၃ နေရာရှိခဲ့ပြီး လက်ရှိမှာတော့ အတိုက်အခံနိုင်ငံရေးသမား ဖြစ်နေပြီဖြစ်သော ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သည်။
ခရီးစဉ်အတွင်း ၎င်းတို့သည် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကိုကြည့်ရှုခဲ့ပြီး ရေဒါစနစ်ဖြင့် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များအပြင် ပြုံယမ်းမှ ပိုမိုခေတ်မီသော အမြောက်များကိုဝယ်ယူရန် စိတ်ဝင်စားမှုရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုအချိန်တစ်ဝိုက်လောက်မှာပဲ မြောက်ကိုရီးယားမှ ကုန်တင်သင်္ဘောများ မြန်မာနိုင်ငံဆိပ်ကမ်းများသို့ ရောက်လာခဲ့ပြီး မည်သည့်အတွက်ကြောင့်ဟု ရှင်းရှင်းလင်းလင်း မသိခဲ့ရသော်လည်း ပိုပြီးခေတ်မီဆန်းပြားသော လက်နက်များ ပေးပို့နိုင်ဖွယ်ရှိသည်ဟု သံသယများ ထွက်ပေါ်ခဲ့ဖူးသည်။ အဆိုပါတင်ပို့မှုများသည် မြန်မာနိုင်ငံတွင် လျှို့ဝှက်လုပ် ဆောင်နေခဲ့သော ဖျက်အားပြင်းပဲ့ထိန်းဒုံး အစီအစဉ်များနှင့်ချိတ်ဆက်နေကြောင်း ယခုတော့ရှင်းရှင်းလင်းလင်း သိရပြီဖြစ်သည်။

တစ်ဆက်တည်း မေးရန်ရှိသည်မှာ မြန်မာစစ်တပ်အနေဖြင့် ဖျက်အားပြင်းပဲ့ထိန်းဒုံးများ လိုအပ်သည်ဟု ဘာကြောင့် ယုံကြည်နေရပါသနည်း။ တိုင်းပြည်တွင် ပြင်ပရန်သူလည်း မရှိသဖြင့် ပြည်တွင်းပဋိပက္ခများ နှိမ်နင်းရေးစစ်ဆင်မှုများတွင် ၎င်းပဲ့ထိန်းဒုံးများက အသုံးမဝင်ပေ။
နေပြည်တော်ရှိ လူကြိုက်နည်းသော စစ်အာဏာရှင်ခေါင်းဆောင်များ၏ ရည်မှန်းချက်မှာ ယခုလိုခေတ်မီလက်နက်များ တပ်ဆင်ထားသော စစ်ခေါင်းဆောင်တစ်ဦးအပေါ် သစ္စာစောင့်သိမှု၊ စိတ်ကျေနပ်မှုနှင့် ဂုဏ်ယူလိုမှုကို ထိန်းသိမ်းထားလိုသည့်အတွက်သာဖြစ်ပေသည်။

သို့သော် ဖျက်အားပြင်းပဲ့ထိန်းဒုံး သဘောတူညီချက်များက အထီးကျန်ခြင်းနှင့် ငွေသားပိတ်မိနေသောနိုင်ငံများ အတွက် စီးပွားရေးအရ အဓိပ္ပါယ်ရှိစေပါသည်။ ရုရှားနှင့် အခြားသော စစ်ဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးနေသူများအတွက် ငွေသားဖြင့်ပေးချေရန် လိုအပ်သော်လည်း မြောက်ကိုရီးယားကတော့ အလဲအလှယ်လုပ်ရန် အမြဲတမ်း လမ်းဖွင့်ထားလေ့ရှိသည်။ နှစ်နိုင်ငံစလုံးသည် ပုံမှန်ဘဏ်လုပ်ငန်း လမ်းကြောင်းများကိုအသုံးပြုရန်အတွက် ခက်ခဲလွန်းသော အခြေအနေများ ကြုံတွေ့နေရသည်က ထင်ရှားသောအချက် ဖြစ်သည်။

မြောက်ကိုရီးယားအတွက် စားနပ်ရိက္ခာ အပူတပြင်းလိုအပ်နေချိန်မှာပဲ မြန်မာစစ်ဗိုလ်ချုပ်များ ကတော့ ဒေသတွင်းတင်းမာမှုများနှင့် ရင်ဆိုင်နေရချိန်မှာ ၎င်းတို့အာဏာကို ဆက်လက်ထိန်းသိမ်းရန် ခေတ်မီစစ် လက်နက်ပစ္စည်းများ ဝယ်ယူနိုင်ဖို့ လိုအပ်သည်ဟု ယုံကြည်နေပုံရသည်။ သေနတ်နှင့် စားနပ်ရိက္ခာ လဲလှယ်ခြင်းသည် အတိတ်ကာလ၌ အပယ်ခံနိုင်ငံများ၏ ရောင်းဝယ်ဖောက်ကားမှုပုံစံ ဖြစ်ခဲ့သလို ယခု ဖျက်အားပြင်းပဲ့ထိန်းဒုံး သဘောတူညီချက်အသစ်သည်လည်း ဆိုခဲ့ပါပုံစံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြခြင်း ဖြစ်ပုံရပေသည်။

ကြည်ဖြူစံ
Asia Times တွင်ဖော်ပြထားသော “ဘာတေးလင့်တနာ” ၏ “Myanmar, North Korea on a new missile-making mission” ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ