အသက်မပါသော အပစ်အခတ်ရပ်စဲရေး ကြေညာချက်များ

တပ်မတော်၏ မကြာသေးမီက သံတမန်ရေး လှုပ်ရှားမှုများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရန် အထောက်အကူပြုနိုင်သည်။ အထူးသဖြင့် KIO အဖွဲ့နှင့် ဖြစ်သည်။ အမှန်တကယ်တွင် KIO သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပူးပေါင်း၍ တပ်မတော်နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေသည်။

By မေမိုး 06 Jun 2020

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသည့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။ (ဓာတ်ပုံ - AP)

မေမိုး ဘာသာပြန်ဆိုသည်

မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု သိကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့သည် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို အပြန်အလှန် ကြေညာချက်ထုတ်နေကြသည်။ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွင် ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအောင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ပါဝင်သည်။

ပထမဆုံး တဖတ်သတ် အပစ်အခတ်ရပ်စဲခြင်းကို တပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကြေညာခဲ့သည်။ တပ်မတော်မှ အပစ်ခတ်ရပ်စဲခြင်းအား သုံးကြိမ် သက်တမ်းတိုးပြီးသည့်နောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ် တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ နှစ်ဖက်လုံးမှ တဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်မှာ လက်ရှိအချိန်အထိ ၅ ကြိမ်စီ ရှိပြီဖြစ်သည်။ (အောက်ပါ ဇယားတွင်ကြည့်ပါ။)


 
နှစ်ဖက်လုံး၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်များမှာ မတူညီသည့် အချိန်တွင် ထုတ်ပြန်ခဲ့ကြသောကြောင့် အပစ်ခတ်ရပ်စဲရေးကာလမှာ ရက်ပေါင်းများစွာ ကြာခဲ့သည်။ သို့ရာတွင် နှစ်ဖက်လုံး အမှန်တကယ် တပြိုင်တည်း အပစ်ရပ်ခဲ့သည့်ကာလမှာ အချိန်ကာလအားဖြင့် နည်းပါးလှသည်။ တကယ်တမ်း နှစ်ဖက်လုံး တပြိုင်တည်း အပစ်ရပ်ခဲ့သည့်ကာလမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ် မေလအတွင်း စုစုပေါင်း ၃၃ ရက်သာ ရှိခဲ့သည်။ (အောက်ပါ ပုံကို ကြည့်ပါ။)


 
သို့ရာတွင် တဖက်သတ် အပစ်အခတ်ရပ်စဲသည့် ကာလများ၌ပင်လျှင် တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ်တပ်များသည် တိုက်ပွဲလျှော့ချနိုင်ခြင်း သို့မဟုတ် တိုက်ပွဲများ ရပ်ဆိုင်းအောင် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပေ။ ၎င်းအစား ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဘတစ်ပြန်ကျားတစ်ပြန် တိုက်ပွဲများသာ ပိုမိုပြင်းထန်လာခဲ့သည်။

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံသည်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နပန်းလုံးနေရသော်လည်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တပ်မတော်နှင့် AA တို့ အကြားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူထောင်ပေါင်းများစွာ တိုးလာနေဆဲ ဖြစ်သည်။

တပ်မတော်သည် AA နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့်လည်း ထိပ်တိုက်တွေ့ဆုံမှုများရှိသည်။

တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းမှာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခြင်းမှတဆင့် နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများရရှိရန် ရည်ရွယ်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်အတွင်း ဆွေးနွေးပွဲ ၃ ကြိမ်သာ ကျင်းပနိုင်ခဲ့သည်။ ရှမ်းပြည်နယ် မူဆယ်မြို့တွင် တစ်ကြိမ်၊ ကျိုင်းတုံံမြို့တွင် နှစ်ကြိမ် ဖြစ်သည်။  စက်တင် ဘာလတွင် ပြုလုပ်ခဲ့သော နောက်ဆုံးအကြိမ် ဆွေးနွေးပွဲပြီးနောက် နောက်တစ်ကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ယခင်နှစ် အောက်တိုဘာလတွင် ကျင်းပရန် လျာထားခဲ့သော်လည်း ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပေ။ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ နှစ်ဖက် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရပ်တန့် နေသော တရားဝင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီလထဲတွင် ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။ သို့ရာတွင် ကံမကောင်းစွာဖြင့် ဆွေးနွေးပွဲ မပြုလုပ်နိုင်ခဲ့ချေ။ အကြောင်းမှာ ဆွေးနွေးပွဲတွင် ကြားဝင် ညှိနှိုင်းပေးသည့် တရုတ်အစိုးရမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက် နေရခြင်းကြောင့် ဖြစ်သည်။

ယခုအချိန်အထိ တိုက်ပွဲများ မရပ်တန့်နိုင်သေးခြင်း သို့မဟုတ် တိုက်ပွဲများ လျှော့ချနိုင်ခြင်း မရှိသောကြောင့် တဖက်သတ် အပစ်အခတ်ရပ်စဲခြင်းဆိုသည်မှာ အဓိပ္ပာယ်ကင်းမဲ့နေသည်။ အမှန်တကယ်တွင် အပစ်အခတ် ရပ်စဲခြင်းမှာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်ရေးအတွက် အစပြုခြင်းသာ ဖြစ်သည်။ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများ ရရှိနိုင်မှသာလျှင် ရခိုင်ပြည်နယ်နှင့် အခြားနေရာဒေသများတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခတို့ကို လျှော့ချနိုင်မည်ဖြစ်သည်။ နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူခြင်းသည်သာ ငြိမ်းချမ်းရေးကို ဦးတည်နိုင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည် ဆိုလည်းမမှားပေ။

ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သော နောက်ဆုံးအကြိမ် ဆွေးနွေးပွဲတွင် အချက် ၇ ချက်ကို သဘောတူညီခဲ့ပြီး နောက်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိ အချိန်အခါနှင့် အခွင့်အရေး ကို လက်လွတ်မခံသင့်ပေ။ ၎င်းတို့သဘောတူညီခဲ့သည့် အချက် ၇ ချက်မှာ (၁) လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်း ရေးနှင့် နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘော တူညီချက် လက်မှတ်ရေးထိုးရေး ဆွေးနွေးရန်၊ (၂) ပြည်တွင်း နေရပ်စွန့်ခွာသူများ (IDPs) အရေး ကိုင်တွယ်ဖြေရှင်းရန်၊ (၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းများ သတ်မှတ်ရန်၊ (၄) ပဋိပက္ခများ ဆက်လက်မဖြစ်ပွားစေရေးအတွက် ဆက်ဆံရေးရုံးများ တည်ဆောက်ရန်၊ (၅) နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန်နှင့် နှစ်ဖက်စလုံးမှ ဖမ်းဆီးခြင်းများကို ရှောင်ကြဉ်ရန်၊ (၆) တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းစဉ်အား ဆွေးနွေးရန်နှင့် (၇) ပဋိပက္ခ ဖြေရှင်းရေး ယန္တရားတစ်ခု တည်ဆောက်ရေး ဆွေးနွေးရန် တို့ဖြစ်သည်။

မကြာသေးမီက တပ်မတော်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ အထူး ကိုယ်စားလှယ်များ စေလွှတ်ပြီး ကိုဗစ်-၁၉ ကိုအကြောင်းပြု၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် သံတမန်ဆက်ဆံရေး တည်ဆောက်ခဲ့သည်။ တပ်မတော် ကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် ကချင်လွတ်လပ်ရေး အဖွဲ့အစည်း/တပ်မတော် (KIO/KIA) ၏ သီးခြားစောင့်ကြည့်လူနာများ ထားရှိသည့်နေရာ သို့ သွားရောက်ခဲ့ပြီး ဓာတ်ခွဲခန်းသုံးနှာခေါင်းစည်းများ၊ N95 နှာခေါင်းစည်းများ၊ မျက်နှာအကာများ၊ အခြားသော တစ်ကိုယ်ရေသုံး ကာကွယ်ပစ္စည်းများ(PPE) နှင့် အစားအစာများပါဝင်သည့် ရောဂါကာကွယ်ရေးပစ္စည်း ၅၉ စုံအား ပေးအပ်ခဲ့ သည်။ အလားတူပင် တပ်မတော် အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ KNU၊  KNU/KNLA ငြိမ်းချမ်းရေး ကောင်စီနှင့် DKBA-ကလို့ထူးဘော ကရင်အဖွဲ့အစည်း (KKO) သို့ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ် ခဲ့ပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည်တပ်မတော် (SSPP/ SSA) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) သို့ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ် ခဲ့သည်။ သို့ရာတွင် ယနေ့အချိန်ထိ တပ်မတော်မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့များသို့ မည်သည့် ကိုယ်စားလှယ်မျှ စေလွှတ်ခြင်း မရှိသေးချေ။

တပ်မတော်၏ မကြာသေးမီက သံတမန်ရေး လှုပ်ရှားမှုများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရန် အထောက်အကူပြုနိုင်သည်။ အထူးသဖြင့် KIO အဖွဲ့နှင့် ဖြစ်သည်။ အမှန်တကယ်တွင် KIO သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပူးပေါင်း၍ တပ်မတော်နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေသည်။

အဖွဲ့အစည်းများအားလုံးအနေဖြင့် ဘုံရန်သူဖြစ်သည့် ကိုဗစ်-၁၉ ရောဂါအား တိုက်ဖျက်ရန် အာရုံစိုက်ရမည်ကို နားလည်သဘောပေါက်ကြသည်။ သို့ရာတွင် တပ်မတော်နှင့် KIO အဖွဲ့အပါအဝင် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ အနေဖြင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိရန်အတွက် ရပ်တန့်နေသော ဆွေးနွေးမှုများကို ပြန်လည်စတင်ရန် ကြိုးပမ်းသင့်သည်။ လက်တွေ့ကျသော ထိရောက်သည့် ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရေးအတွက် ယာယီမူဘောင်များ ချမှတ်ကျင့်သုံးနိုင်ရန် အမြန်ဆုံးအားစိုက် ဆောင်ရွက် သင့်သည်။

ထိုကဲ့သို့ မလုပ်ဆောင်ပါက နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများရရှိရေး အလားအလာမှာလည်း လွယ်ကူနိုင်မည် မဟုတ်ဘဲ တန်ဖိုးရှိသောအခွင့်အလမ်းလည်း ဆုံးရှုံးသွားနိုင်သည်။  သို့ဆိုလျှင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတိပြုထားသော ၂၀၂၀ ပြည့်နှစ် “ထာဝရ ငြိမ်းချမ်းရေး” မျှော်လင့်ချက်မှာလည်း ပျောက်ကွယ်သွားတော့မည်သာ ဖြစ်သည်။

မေမိုး
(ဆောင်းပါးရှင် Joe Kumbun ၏ Myanmar’s Meaningless Unilateral Ceasefires ကို မြန်မာပြန်ဆိုပါသည်။)

ဗီဒီယိုများ