ယူကရိန်းစစ်ပွဲကြောင့် မြန်မာနိုင်ငံတွင်းမှာ တရုတ်ဩဇာပိုကြီးလာနိုင်သလား

မြန်မာစစ်တပ်သည် ရုရှား၏ ယူကရိန်းကျူးကျော်မှုအပေါ် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကျော ထောက်နောက်ခံပြုထားသော်လည်း အရှေ့ဥရောပတွင် မော်စကို၏စစ်ရေးကျူးကျော်မှုကြောင့် မလိုလားအပ်သော အကျိုးဆက်များကို မြန်မာစစ်ဗိုလ်ချုပ်များ ကိုင်တွယ်ဖြေရှင်းရမည်သာ ဖြစ်သည်။ နေပြည်တော်အတွက် အစိုးရိမ်ရဆုံးသောအချက်မှာ ရုရှားစစ်တပ်က နိုင်ငံတကာ လက်နက်တင်ပို့မှုကို တိုးချဲ့လုပ်ဆောင်ခြင်း၏ သက်ရောက်မှုဖြစ်သည်။

By ကြည်ဖြူစံ 03 May 2022

၂၀၂၁ ခုနှစ်က ရန်ကုန် တရုတ်သံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်နေသူတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ - Getty Images)

ဘာသာပြန်ဆောင်းပါး

မေ ၃ | DMG

ယူကရိန်းအရှေ့ပိုင်းသို့ ရုရှားထိုးစစ်သစ်များအကြားမှာပဲ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုကြောင့် မြန်မာစစ်ဗိုလ်ချုပ်တွေကို နိုင်ငံတစ်ဝန်း ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြသည်။ ထိုသို့အာဏာသိမ်းမှုကို မကျေနပ်ကြဘဲ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေကြသူတွေကို ချေမှုန်းပစ်မည်ဟု မြန်မာစစ်တပ်က ကတိပြုပြောကြားထားပြန်သည်။

ယူကရိန်းနိုင်ငံသို့ အနောက်နိုင်ငံများ၏ အာရုံအများအပြား စူးစိုက်နေသော်လည်း စစ်ဒဏ်ခံနေရသောမြန်မာစစ်တပ် ကတော့ မြန်မာနိုင်ငံအပေါ် ၎င်းတို့ထိန်းချုပ်နိုင်မှုကို မပြသနိုင်သေးပေ။ ယူကရိန်းစစ်ပွဲကြောင့် ရုရှားနှင့်အနောက် နိုင်ငံနှစ်ရပ်စလုံးမှ အာရုံလွဲခံနေရသောကြောင့် မြန်မာနိုင်ငံ၏ အထီးကျန်ဆန်ပြီး အကြောက်လွန်နေသော စစ်ဗိုလ်ချုပ်များကတော့ ၎င်းတို့အာဏာကို ဆုပ်ကိုင်ထားရန် ဘေဂျင်းဘက်သို့လှည့်ရန်ကလွဲပြီး ရွေးချယ်စရာမရှိတော့သလောက် နည်းသွားခဲ့ပေပြီ။

မြန်မာစစ်တပ်အနေဖြင့် မြန်မာနိုင်ငံအပေါ် တရုတ်ဩဇာလွှမ်းမိုးမှုကို သတိပြုခဲ့မိသည်မှာ ကြာပါပြီ။ ၁၉၈၈ အာဏာသိမ်းမှုအပြီး တရုတ်ကမြန်မာကို “ဖောက်သည်နိုင်ငံ” ဟု ခေါ်ဆိုခဲ့ဖူးသည်။ နေပြည်တော်ရှိ အစိုးရအဆက်ဆက်ကလည်း မြန်မာနိုင်ငံနှင့် ပြည်ပဆက်ဆံရေးကွဲပြားရန် ကြိုးပမ်းခဲ့ကြသည်။ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် ၂၀၁၇ ခုနှစ် ရခိုင်မွတ်ဆလင်အရေးအခင်းနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေခဲ့ရပြီး ဘေဂျင်းနှင့်နီးကပ်သော ဆက်ဆံရေး စတင်လုပ်ဆောင်နေချိန်တွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ ရုရှားနှင့်ဆက်ဆံရေး ဦးစားပေးခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းမှ တစ်ဖန်ခွဲထုတ်ခြင်းခံရပြီးနောက် မြန်မာစစ်တပ်အတွက် ဖြစ်နိုင်ခြေရှိသော ကျောထောက်နောက်ခံနှစ်ဦးအဖြစ် တရုတ်နှင့်ရုရှားတို့ ကျန်ရစ်ခဲ့ကြသည်။ အာဏာသိမ်းမှုကိုရှုတ်ချသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို တားဆီးရာတွင် နှစ်နိုင်ငံလုံးက ကူညီပေးခဲ့ကြသည်။ စစ်အာဏာသိမ်းမှုကို အစပိုင်းကာလတွင် တရုတ်ကတိတ်ဆိတ်စွာ တုံ့ပြန်ခဲ့ပြီးနောက် မြန်မာစစ်တပ်ကိုထောက်ခံသူအဖြစ် ရုရှားနိုင်ငံက ပထမဆုံးပေါ်ထွက်လာသည်။ နောက်ဆက်တွဲရလဒ်အဖြစ် ဘေဂျင်းကို မည်ကဲ့သို့သိမ်မွေ့စွာ ရှုတ်ချခဲ့သလဲ ဆိုသည်ကတော့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ခြင်းထက် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ရုရှားနိုင်ငံသို့သွားရောက်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မော်စကိုနှင့်မြန်မာကြား ရင်းနှီးသောဆက်ဆံရေးတွင် အရေးအကြီးဆုံး ကဏ္ဍများထဲမှတစ်ခုမှာ လက်နက်ဝယ်ယူရေးဖြစ်သည်။ မြန်မာစစ်တပ် အဏာမသိမ်းခင်ကတည်းက ရုရှားနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွက် ဒုတိယအကြီးဆုံး လက်နက်ရောင်းချသူဖြစ်ခဲ့သည်။ ရုရှားလက်နက်များကို ရယူထားနိုင်သောကြောင့် မြန်မာနိုင်ငံသည် ၎င်း၏ပြင်ပဆက်ဆံရေးတွင် တရုတ်လက်နက်များအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်ခဲ့သည်။

မြန်မာစစ်တပ် အာဏာသိမ်းမှုမတိုင်ခင် တစ်ပတ်အလိုမှာဘဲ မြန်မာစစ်တပ်သို့ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များ၊ စောင့်ကြည့်ဒရုန်းများနှင့် ရေဒါသုံးပစ္စည်းများ ထောက်ပံ့ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျေရွှိုင်ဂု မြန်မာနိုင်ငံသို့လာရောက်ခဲ့သည်။  ၂၀၂၁ ခုနှစ် ဇူလိုင်လ မော်စကိုသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက်လည်ပတ်ခြင်းမပြုမီကလည်း ရရှားရေတပ်နှင့် ရုရှားနိုင်ငံပိုင် လက်နက်တင် ပို့ရောင်းချသူ Rosoboronexport တို့မှ ကိုယ်စားလှယ်အဖွဲ့ဝင်များ ပါဝင်သည့် အဖွဲ့ဝင် ၂၀ ဦးပါ ရုရှားကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ လျှို့ဝှက်လာရောက်ခဲ့သည်။

ယေဘုယျအားဖြင့် ၎င်း၏အရည်အသွေးမြင့်မားသော လက်နက်တင်ပို့မှုနှင့် ယှဉ်ပြိုင်နိုင်သော ဈေးနှုန်းဖြင့် ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအတွက်အရေးပါသော သံချပ်ကာယာဉ်များ၊ ရဟတ်ယာဉ်များနှင့် ဖိုက်တာဂျက်များ တင်ပို့ပံ့ပိုးပေးနေသောနိုင်ငံ ဖြစ်ကြောင်း သက်သေပြခဲ့ပြီး ယင်းက တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ရောနှောနေသည့် တော်လှန်ရေးအင်အားစုများကို မြန်မာစစ်တပ်က ဆက်လက်တိုက်ခိုက်ရာတွင် အရေးပါသော ပလက်ဖောင်းများ ဖြစ်လာခဲ့သည်။ အာဏာသိမ်းပြီး ၆ လအကြာမှာလည်း ရုရှားကမြန်မာစစ်တပ်သို့ Su-30 လေ ယာဉ် ၆ စင်းပေးအပ်ရန် ထပ်မံအတည်ပြုခဲ့ပြန်သည်။ ယူကရန်းသို့ မကျူးကျော်မီ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင်လည်း ရုရှားလုပ် BDRM-2MS သံချပ်ကာယာဉ်များ မြန်မာနိုင်ငံသို့ပေးပို့နိုင်သေးခဲ့ကြောင်း မကြာသေးမီကပဲ ဖော်ပြခဲ့သည်။

ရန်ကုန်လမ်းမများပေါ်မှ ဆန္ဒပြသူများကို ရုရှားလုပ်သံချပ်ကာယာဉ်များဖြင့် ဖြိုခွင်းခဲ့သည်။ ထို့အတူပင် ရုရှားလုပ် ဂျက်လေယာဉ်များကလည်း မြန်မာနိုင်ငံနယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသော ဒေသများကို ဗုံးကြဲတိုက်ခိုက်ရန်အတွက် အရေးပါသောကြောင့် ရုရှားနိုင်ငံထုတ် လက်နက်များသည် မြန်မာစစ်တပ် အာဏာချုပ်ကိုင်မှုအတွက် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်မှာထင်ရှားပါသည်။ ပိုပြီးအရေးကြီးသည်က ရုရှား-မြန်မာ၏ အရှိန်အဟုန်ပြင်းပြင်းဖြင့် ကာကွယ်ရေးဆိုင်ရာဆက်ဆံမှုက ဘေဂျင်းအပေါ် အလွန်အမင်းအားကိုးမှုမှ ရှောင်ရှားနိုင်စေခဲ့သည်။

သို့သော်လည်း ယူကရိန်းကို ရုရှားကျူးကျော်စစ်ပွဲများကြောင့် ဘေဂျင်း၏ မျက်နှာသာပေးမှုဖြင့်သာ နေပြည်တော်၏ ဟန်ချက်ညီသောလုပ်ရပ်ကို ဖော်ပြနိုင်မည်ဖြစ်သည်။

■ ကြိုဆိုဖွယ်ရာမရှိသော ရှုပ်ထွေးစေခြင်းများ

မြန်မာစစ်တပ်သည် ရုရှား၏ ယူကရိန်းကျူးကျော်မှုအပေါ် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ကျော ထောက်နောက်ခံပြုထားသော်လည်း အရှေ့ဥရောပတွင် မော်စကို၏စစ်ရေးကျူးကျော်မှုကြောင့် မလိုလားအပ်သော အကျိုးဆက်များကို မြန်မာစစ်ဗိုလ်ချုပ်များ ကိုင်တွယ်ဖြေရှင်းရမည်သာ ဖြစ်သည်။ နေပြည်တော်အတွက် အစိုးရိမ်ရဆုံးသောအချက်မှာ ရုရှားစစ်တပ်က နိုင်ငံတကာ လက်နက်တင်ပို့မှုကို တိုးချဲ့လုပ်ဆောင်ခြင်း၏ သက်ရောက်မှုဖြစ်သည်။

ဘာတေလင့်တနာ မှတ်ချက်ပြုထားသည့်အတိုင်း ရုရှားကယူကရိန်းကို ကျူးကျော်ဝင်ရောက်လာခဲ့ခြင်းကြောင့် မြန်မာစစ်တပ်အပေါ် ရုရှားလက်နက်တင်ပို့မှု ရေသောက်မြစ်ခမ်းခြောက်လာခြင်းကို မြင်တွေ့နေရပြီဖြစ်သည်။ အပြင်းထန်ဆုံးအားဖြင့် မြန်မာစစ်တပ်သည် ၎င်းအတွက် ဆက်လက်ထိန်းထိမ်းထားရန်လိုအပ်သော တော်လှန်ရေး လက်နက်ကိုင် ပလက်ဖောင်းကြီးအတွက် လိုအပ်သောအပိုပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ ဝယ်ယူရန်ခက်ခက်ခဲခဲ ဖိအားပေးခံနေရပြီး မြန်မာစစ်တပ်ကို ဆန့်ကျင်လျက်ရှိသော တိုင်းရင်းသားဒေသများအတွက် စမ်းသပ်ခံနေရသောကြောင့် ဖြစ်သည်။

အချို့သော လေ့လာသုံးသပ်သူများကလည်း ရုရှားသည် သူ၏နိုင်ငံရေးနှင့် စီးပွားရေးအထီးကျန်မှုကို အသစ်တစ်ဖန် ပြန်လည်ကုစားရန်အတွက် မြန်မာနိုင်ငံကဲ့သို့သော စိတ်တူကိုယ်တူ အပယ်ခံနိုင်ငံများသို့ အမြတ်အစွန်းများသော လက်နက်တင်ပို့ရောင်းချမှုကို နှစ်ဆတိုးလာမည်ဟု စောဒကတက်လာကြသည်။ ယူကရိန်းစစ်ပွဲက မြန်မာစစ်ဗိုလ်ချုပ်ကြီးများအတွက် “ပုံမှန်စီးပွားရေး” ပြန်ဖြစ်နိုင်မည်ကို ဟန့်တားနိုင်သည့် အရေးပါသောစိန်ခေါ်မှုများအား ပေါ်ပေါက်စေသည်။ Richard Bitzinger နှင့် Kenneth Boutin တို့ကတော့ ယူကရိန်းတွင် ၎င်း၏အရေးပါသောတိုက်ပွဲများ ဆုံးရှုံးသွားရခြင်းအတွက် ပြန်လည်ဖြည့်တင်းရန် ရုရှား၏လိုအပ်မှုကို ထောက်ပြခဲ့သည်။ ရုရှားကာကွယ်ရေး စက်မှုလုပ်ငန်း၏ ထောက်ပံ့ရေးကွင်းဆက်အပေါ် ဆက်လက်ပိတ်ဆို့အရေးယူမှုများ၏ သက်ရောက်မှုနှင့် ယူကရိန်းရှိ ရုရှားစစ်ဘက်ပလက်ဖောင်းများ၏ စွမ်းဆောင်ရည်အားနည်းမှုကြောင့် ရုရှားလက်နက်များ ထောက်ပံ့မှုနှင့် ဝယ်လိုအားများ ရေတိုတွင် ရပ်တန့်သွားစေနိုင်သည်။

မြန်မာစစ်တပ်အတွက် အလားအလားရှိသော ရုရှားလက်နက်များ၊ အပိုပစ္စည်းများနှင့် ခဲယမ်းမီးကျောက်များ မြန်မာနိုင်ငံသို့တင်ပို့မည့် အရိပ်အယောင်ကျဆင်းသွားနိုင်သလို မြန်မာစစ်တပ်အတွက် ဘက်ပေါင်းစုံမှစစ်ပွဲများ မကြာခင်အချိန်အတွင်း ရပ်တန့်သွားမည့်အရိပ်အယောင် မရှိသောကြောင့် ဘေဂျင်းက မြန်မာစစ်အာဏာရှင်တွေကို ရင်ဘတ်ဖွင့်ကြိုဆိုပြီးသား ဖြစ်သည်။

■ မြန်မာစစ်တပ် ဘေဂျင်းဘက်လှည့်နေပြီလား

ရုရှားက ယူကရိန်းအပေါ်ကျူးကျော်မှုနှင့် ပတ်သက်ပြီး ဘေဂျင်းအတွက် လုံးဝစိတ်ဝင်စားစရာမရှိသော်လည်း အိမ်နီးချင်းမြန်မာစစ်တပ်အတွက် ကယ်ပေါက်ကိုတော့ တရုတ်ကပေးထားသည်။ တရုတ်နှင့်ရုရှားသည် မြန်မာစစ်တပ် အတွက် ပထမနှင့် ဒုတိယအကြီးဆုံး လက်နက်တင်ပို့သူဖြစ်သည်ဆိုသော အချက်ကို ဖုံးကွယ်ထားဖို့ မလိုအပ်ပေ။ ၎င်းတို့နှစ်ဦးစလုံးက ရေငုပ်သင်္ဘောများနှင့် စစ်လေယာဉ်များကဲ့သို့သော တိုက်ခိုက်မှုစွမ်းရည်မြှင့် လက်နက်များ အတွက် မြန်မာစစ်တပ်လိုအပ်ချက်ကို ဖြည့်ဆည်းရန် အသီးသီး အပြိုင်အဆိုင်ယှဉ်ပြိုင်နေကြသူများ ဖြစ်သည်။ အရည်အသွေးနှင့် နည်းပညာတိုးတက်မှုတွင် ရုရှားကဲ့သို့ လက်နက်တင်ပို့ရောင်းချသော နိုင်ငံများက နှာတဖျားသာနေသေးသော်လည်း ဘေဂျင်းက အမီလိုက်နေသည်။ ၂၀၁၇-၂၀၂၁ ခုနှစ်အတွင်း တရုတ်က ကမ္ဘာ့စတုတ္ထမြောက် အကြီးဆုံးလက်နက်တင်ပို့သူ ဖြစ်သည်။

ယူကရိန်းတွင် ၎င်း၏ဆုံးရှုံးမှုများကို ပြန်လည်ဖြည့်တင်းရန် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းကို လမ်းကြောင်းပြောင်း နေရချိန် တရုတ်ကဲ့သို့သော နိုင်ငံများက မြန်မာ့လက်နက်ဈေးကွက် ကွာဟချက်ကို ဖြည့်ဆည်းပေးမည်ကတော့ သံသယဖြစ်ဖွယ် မလိုပေ။ ထို့အပြင် ရုရှားသည်ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှု၊ ပိတ်ဆို့အရေးယူမှုများနှင့် ယူကရိန်းစစ်ပွဲအတွက် ၎င်း၏ကာကွယ်ရေးစက်မှုလုပ်ငန်းကို ပြန်လည်ဦးတည်နေရသောကြောင့် မြန်မာစစ်တပ်နှင့် လက်ရှိစာချုပ်ကို ဖြည့်ဆည်းမပေးနိုင်ပါက မော်စကိုအပေါ် ယုံကြည်ကိုးစားမှု ပျက်သွားမည်ဖြစ်ပြီး တရုတ်လက်နက်များအတွက် ယုံကြည်ကိုးစားရာ ရသွားပေလိမ့်မည်။

သို့သော် ရုရှားလက်နက်တင်ပို့မှုနှင့် ပတ်သက်ပြီးနှောင့်နှေးမှု၊ ချို့ယွင်းများကို လျော်ကြေးပေးရန် မြန်မာနိုင်ငံတွင်းသို့ တရုတ်လက်နက် ပိုမိုဝင်ရောက်လာမှုက တရုတ်ရေးဆွဲထားသော အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။ ရုရှားကယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးကတည်းက တရုတ်က မြန်မာစစ်တပ်ကို အပြည့်အဝထောက်ခံခဲ့သည်။ နှစ်နိုင်ငံအကြား မကြာသေးမီကပဲ အဆင့်မြင့်ခရီးစဉ် စတင်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာအတွက် ထောက်ပံငွေ ယွမ်သန်း ၆၅၀ (အမေရိကန်ဒေါ်လာ ၉၉ သန်း) ပေးအပ်ကြောင်း မကြေညာခင်ကပင် မြန်မာစစ်တပ် “အခြေအနေဘယ်လိုပြောင်းလဲပါစေ” မြန်မာစစ်တပ်ဘက်က ရပ်တည်မည်ဟု ကတိပြုခဲ့သည်။

■ မြန်မာစစ်တပ်က ဟန်ချက်ညီအောင် ထိန်းကျောင်းနိုင်ပါ့မလား

ယူကရိန်း-ရုရှား စစ်ပွဲကြောင့် တရုတ်အတွက် လစ်ဟာသွားသော်လည်း မြန်မာစစ်တပ်ကို တရုတ်ကိုလိုအပ်နေသလို တရုတ်ကလည်း မြန်မာစစ်တပ်ကို လိုအပ်နေသည်က ရှင်းလင်းနေပါသည်။ ဖေဖော်ဝါရီလကပဲ မြန်မာနိုင်ငံ မန္တလေးဒေသရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြပ်နေကြသော မြန်မာစစ်သားများကို တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ၎င်းက တရုတ်-မြန်မာနိုင်ငံစီးပွားရေးစင်္ကြံအတွက် အဓိကအစိတ်အပိုင်း ဖြစ်သည်။ ယခင်ကလည်း တရုတ်နိုင်ငံ ကျောထောက်နောက်ခံပြုထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများတလျှောက် မြေမြှုပ်မိုင်းများထောင်ထားရန် ဘေဂျင်းက ညွှန်ကြားထားပြီးဖြစ်သည်။

သေချာသည်ကတော့ မြန်မာနိုင်ငံတွင်းမှ ရုရှားဩဇာမှန်သမျှ ဆုတ်ယုတ်မှုမှန်သမျှ အမြင့်ဆုံးဖြစ်အောင် အထူး သဖြင့် ပြိုင်ဆိုင်မှုရှိသော လက်နက်ဈေးကွက်ကို မြှင့်တင်ရန်ကြိုးပမ်းပေလိမ့်မည်။ သို့သော် မြန်မာနိုင်ငံမှကြောက်ရွံ့ထိတ်လန့်နေကြပြီဖြစ်သော စစ်ဗိုလ်ချုပ်ကြီးများကတော့ တရုတ်ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး သံသယနည်းပါး လိမ့်မည်တော့မဟုတ်ပေ။ ယူကရိန်းစစ်ပွဲ မည်ကဲ့သို့ဖြစ်နေပါစေ မြန်မာစစ်တပ်အပေါ် တရုတ်ဩဇာလွှမ်းမိုးမှုမှ လွတ်မြောက်ရန်အတွက် မော်စကိုနှင့် ၎င်းတို့၏ကောင်းမွန်သောဆက်ဆံရေးကို ဆက်လက်ကစားဖွယ် ရှိသည်။

မြန်မာနိုင်ငံနယ်စပ်တလျှောက်မှာ ရှိနေသော UWSA ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ လက်နက် ဆက်ပြီးထောက်ပံ့နေသရွေ့ကတော့ တရုတ်လက်နက်နှင့် ငွေများသည် နေပြည်တော်တွင် ဩဇာတည်ဆောက်ဖို့ ရေတို-ရေရှည် ဝယ်ယူနိုင်မည်ဖြစ်သော်လည်း ယုံကြည်မှုကတော့ နည်းနေပေလိမ့်ဦးမည်။

ကြည်ဖြူစံ

The Diplomat တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Patrick Dupont”ရေးသားသည့် “Is the Ukraine War Boosting China’s Influence in Myanmar” ကိုဆီလျော်အောင် ရေးသားပါသည်။

ဗီဒီယိုများ