ရခိုင်ဒေသ၏ ဝိသေသလက္ခဏာနိုင်ငံရေးနှင့် ကိုဗစ်-၁၉

ရခိုင်လူထု၏ ထောက်ခံမှုသည် အေအေအတွက် အထူးအရေးပါသည်။ ဤအချက်ကြောင့်ပင်လျှင် တပ်မတော်ကို တိုက်ခိုက်မှုများ ဆောင်ရွက်ပြီး မလူးသာမလွန့်သာအနေအထားသို့ တွန်းပို့နိုင်ခြင်းဖြစ်သည်။ သို့မဟုတ်ပါက စစ်မြေပြင်အခြေအနေအရ၊ ရရှိနိုင်သော အထောက်အပံ့များအရ တပ်မတော်နှင့် အလွန်အမင်းကွာဟမှု ရှိနေသည့် အေအေ၏ လက်နက်ကိုင်ပုန်ကန်မှုသည်...

By စောသန္တာအေး 19 Jun 2020

(ဓာတ်ပုံ - Shutterstock)

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးစုများအားလုံး ပါဝင်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန်ဟူသည့် သဘောတူညီချက်နှင့်ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတစ်ဝန်းတွင် တိုင်းရင်းသားများ၏ မကျေနပ်ချက်များနှင့်အတူ သဘောထားကွဲလွဲမှုများသည် ယခုအချိန်အထိ တောက်လျှောက်ဆိုသလို ရှိနေဆဲဖြစ်သည်။ သိသာထင်ရှားသော ဖြစ်ရပ်များအနက် တစ်ခုမှာ ရခိုင်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (အေအေ) လက်နက်ကိုင်အဖွဲ့နှင့် မြန်မာစစ်တပ်အကြား လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများဖြစ်သည်။

အေအေသည် ရက္ခိုင့်တပ်တော်ထူထောင်သည့် ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ၂၀၂၀ ဧပြီလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုအခမ်းအနား၌ အေအေ စစ်ဦးစီးချုပ်က အတိတ်ကခမ်းနားခဲ့သည့် ရခိုင်ဘုရင့်နိုင်ငံတော်ကို ပြန်လည်ဖော်ထုတ်မည့် ရည်မှန်းချက်ကို ထပ်လောင်းပြောဆိုခဲ့သည်။ ရခိုင်ထီးနန်းကို ၁၇ ရာစုတွင် ဗမာကုန်းဘောင်မင်းဆက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ မိန့်ခွန်းတွင် “ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်တွင် အခိုင်အမာခြေကုပ်ယူပြီး ရန်သူကိုတွန်းလှန်တိုက်ထုတ် နိုင်သည့် အကြောင်းရင်းများတွင် ရခိုင်လူထုတစ်ရပ်လုံး၏ ထောက်ခံအားပေးမှုသည်လည်း အဓိကပါဝင်ကြောင်း၊ …ရခိုင်ပြည်တွင် ရခိုင်ပြည်သူလူထု၏ ထောက်ခံအားပေးမှု၊ နိုင်ငံရေးအရ အသိအမှတ်ပြုမှုနှင့်အတူ မိမိတို့၏ ရက္ခိုင့်တပ်တော်သည် လုံးဝတရားဝင်ကြောင်း” ဖြင့် ရခိုင်လူမျိုးတို့၏ ထောက်ခံအားပေးမှုကို အထူးအလေးပေး ပြောဆိုခဲ့သည်ကို တွေ့ရသည်။

ရခိုင်လူထု၏ ထောက်ခံမှုသည် အေအေ အတွက် အထူးအရေးပါသည်။ ဤအချက်ကြောင့်ပင်လျှင် တပ်မတော်ကို တိုက်ခိုက်မှုများ ဆောင်ရွက်ပြီး မလူးသာမလွန့်သာအနေအထားသို့ တွန်းပို့နိုင်ခြင်းဖြစ်သည်။ သို့မဟုတ်ပါက စစ်မြေပြင်အခြေအနေအရ၊ ရရှိနိုင်သော အထောက်အပံ့များအရ တပ်မတော်နှင့် အလွန်အမင်းကွာဟမှု ရှိနေသည့် အေအေ၏ လက်နက်ကိုင်ပုန်ကန်မှုသည် ချေမှုန်းခံရသည်မှာ ကြာပြီဖြစ်သည်။

ဤနေရာတွင် မေးစရာရှိလာသည်မှာ ရခိုင်လူထုက အေအေကို အဘယ်ကြောင့် ထောက်ခံနေကြသနည်း ဆိုသောအချက်ဖြစ်သည်။ စီးပွားရေအရ ဖယ်ကြဉ်ခံရမှုသည် အဖြေများအနက်တစ်ခု ဖြစ်နိုင်သည်။

ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်အရဆိုလျှင် ရခိုင်ပြည်နယ်၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် ၇၈ ရာခိုင်နှုန်းရှိသည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၃၇.၅ ရာခိုင်နှုန်းဖြစ်ရာ ရခိုင်ပြည်နယ်သည် အလွန်အမင်း ကွာဟကျန်ခဲ့သည့် အနေအထားဖြစ်သည်။

စီးပွားရေးကျပ်တည်းမှုနှင့် လက်နက်ကိုင်ပုန်ကန်မှုသည် တိုက်ရိုက်အချိုးကျကြောင်း လေ့လာချက်အများအပြားက အာဖဂန်စစ်ပွဲ၊ နိုင်ဂျီးရီးယားဒေသနှင့် ဂွာတီမာလာ ပြည်တွင်းစစ်တို့ဖြင့် သက်သေပြခဲ့ပြီးဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ စီးပွားရေးချွတ်ခြုံကျမှုကြောင့် အစိုးရအပေါ် မကျေနပ်ချက်များ ရှိလာခြင်းသည် အဆန်းမဟုတ်ပေ။ မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်ဖြစ်စဉ်သည်လည်း ထိုနည်းလည်းကောင်းသာ ဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအရ ဤပြည်နယ်သည် စီးပွားရေးကျဆင်းမှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးမှုတို့ ကြုံနေရသည်ဟုဆိုသည်။ ရခိုင်ပြည်နယ်၏ ကျဆင်းနေသောစီးပွားရေးသည် ရခိုင်လူထု၏ အာဏာပိုင်များအပေါ် မကျေနပ်ချက်ကို အရှိန်မြှင့်ပေးလိုက်သကဲ့သို့ ရှိပြီး အေအေအပေါ် ထောက်ခံမှု ပိုမိုအားကောင်းလာစေခြင်းသာ ဖြစ်ပေသည်။

အေအေကို အားကောင်းလာစေသည့် နောက်အချက်တစ်ခုမှာ ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းဖြစ်သည်။ ရခိုင်ဒေသကို ၁၇၈၄ ဒီဇင်ဘာတွင် ဗမာကုန်းဘောင်မင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်မှ အစပြု၍ ၂၀၁၇ အာဆာ (ARSA) အကြမ်းဖက်မှုအထိ ရခိုင်လူမျိုးတို့သည် ဒေသတွင်းမငြိမ်သက်မှုကို ရာစုနှစ်ပေါင်းများစွာ ကြုံလာခဲ့ရသည်။

အေအေသည် ဤအချက်ကို ရှင်းရှင်းလင်းလင်း နားလည်ထားပြီးဖြစ်သည်။ ဗမာများအပေါ် ရခိုင်တို့၏နာကြည်းချက်ကို အေအေသည် ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ်ကာ စုပုံလာသည့်မကျေနပ်ချက်များအား ပဋိပက္ခကြောင့် ကြေမွနေသည့် ရခိုင်ပြည်နယ်တွင် အသုံးချနိုင်ခဲ့သည်။ ဤနည်းအားဖြင့် အေအေသည် မြန်မာနိုင်ငံရှိ အခြားသောလက်နက်ကိုင်များနှင့် မတူကွဲပြားသည့် အုပ်စုတစ်ခုအဖြစ် ထွက်ပေါ်လာပြီး သူ-ငါ ကွာဟမှုတစ်ရပ်ဖန်တီးကာ ရခိုင်ရှိ ပဋိပက္ခများသို့ သယ်ဆောင်လာနိုင်ခဲ့သည်။

နိုင်ငံရေးသိပ္ပံပညာရှင် ဖရန်စစ်ဖူကူယားမားက သူ၏ ‘ဝိသေသလက္ခဏာ - ဂုဏ်သိက္ခာအတွက် တောင်းဆိုချက်နှင့် မကျေနပ်မှု၏နိုင်ငံရေး (Identity: The Demand for Dignity and the Politics of Resentment)’ စာအုပ်တွင် ရှင်းပြထားသကဲ့သို့ပင် ဝိသေသလက္ခဏာသည် မာန၊ အရှက်တရားနှင့် ဒေါသတို့မှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သည်။

ဖူကူယားမား၏ ရှင်းပြချက်ကို အေအေ ပေါ်ထွက်လာမှုနှင့် ယှဉ်ထိုးကြည့်မည်ဆိုပါက အေအေ၏ နိုင်ငံရေးအရ ကိုယ်စားပြုခွင့်ကို တရားဝင် အသိအမှတ်ပြုပေးလိုက်သည်မှာ ရခိုင်လူထု၏ အမျက်ဒေါသပင်ဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ အေအေ၏ အောင်မြင်မှုသည် ရခိုင်လူထု၏ လုံခြုံရေးသာမက ရခိုင်တို့၏ ဂုဏ်သိက္ခာနှင့် မာနကို ကာကွယ်ပေးမည့် အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ရပ်အဖြစ် ဝိသေသလက္ခဏာ ခံယူဖွဲ့စည်းထားမှုအပေါ် အရင်းခံနေသည်။

လတ်တလောအနေအထား၌ မြန်မာအစိုးရသည် ရခိုင်ဒေသရှိ ဝိသေသလက္ခဏာနိုင်ငံရေး မည်ကဲ့သို့ ဆက်လက်ခင်းကျင်းလာမည်ကို အပြည့်အဝ နားလည်သဘောပေါက်ပုံ မရပေ။ ရခိုင်အမျိုးသားပါတီ၏ ဥက္ကဌဟောင်းဖြစ်သူ ဒေါက်တာအေးမောင်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့က မထင်မှတ်ဘဲ ဖမ်းဆီးလိုက်ခြင်းသည် နမူနာတစ်ခုဖြစ်သည်။ ဒေါက်တာအေးမောင်အား နိုင်ငံတော်သစ္စာဖောက်မှုဖြင့် အငြင်းပွားဖွယ် တရားစွဲဆိုမည့်အစား ရခိုင့်နိုင်ငံရေးတွင် ၎င်း၏ရပ်တည်မှုကို အသိအမှတ်ပြုကာ ဤကိစ္စကို ချင့်ချိန်တွေးခေါ်ပြီး ကိုင်တွယ်ခဲ့လျှင် ပို၍သင့်တော်မည့် အနေအထားဖြစ်သည်။ သို့ဆိုပါက မြန်မာအစိုးရအနေဖြင့် ရခိုင်လူထုအတွင်း ပျံ့နှံ့နေသည့် သူ-ငါ သီးခြားရှုမြင်စိတ်ကို ပိုအားကောင်းမလာစေအောင် ရှောင်တိမ်းနိုင်ခဲ့ပေမည်။

နောက်ထပ်ဥပမာတစ်ခုမှာ အေအေအား မြန်မာအစိုးရက အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ၂၀၂၀ မတ်လတွင် တရားဝင်ကြေညာခဲ့မှုဖြစ်သည်။ အေအေက လုံခြုံရေးအရ အကြီးအကျယ်ခြိမ်းခြောက်လာမှု၊ အထူးသဖြင့် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင် ရခိုင်မြောက်ပိုင်းရှိ အေအေ၏လုပ်ရပ်များ ကြည့်ခြင်းအားဖြင့် အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် နားလည်ပေးနိုင်သည်။ သို့သော် ဤကြေညာချက်သည် အေအေအား စေ့စပ်ညှိနှိုင်း၍ မရနိုင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် သမုတ်လိုက်ခြင်းလည်း ဖြစ်နေပေသည်။

ဤနေရာ၌ သတိပြုရမည်မှာ ရခိုင်ဒေသသည် အေအေ အပါအဝင် ခွဲထွက်ရေးသမားများ အမြဲတမ်းလှုပ်ရှားမှုရှိနေခဲ့သည့် နေရာတစ်ခုဖြစ်သည် ဟူသောအချက် ဖြစ်သည်။ ရခိုင်ပဋိပက္ခသည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြိုတင်ခန့်မှန်း၍ မရနိုင်သည့် ကိစ္စရပ်မဟုတ်ပေ။ ကာလအတန်ကြာ ရှိနေခဲ့ပြီးသော ဖြစ်စဉ်တစ်ခုသာဖြစ်သည်။

ရခိုင်ဒေသတွင် ခွဲထွက်ရေးလှုပ်ရှားမှုများသည် သမိုင်းကြောင်းနှင့်ချီကြာမြင့်စွာ ပျံ့နှံ့ခဲ့ပြီး ဖြစ်သည်ကို သိထားခြင်းအားဖြင့် ဤပြဿနာအတွက် အဖြေမရှိဟူ၍ ကောက်ချက်ချလျှင် ရနိုင်သည်။ ထို့ပြင် ပုံမှန်အခြေအနေ တစ်ရပ်တွင် ဤလုပ်ရပ်အား “မှန်သည်” ဟူ၍သာ မကောင်းသောအမြင်ဖြင့် ယူဆကြမည်ဖြစ်သည်။ သို့သော်လည်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြီးအား မကြုံစဖူး ရင်ဆိုင်လာရချိန်၌ ရခိုင်ပဋိပက္ခအတွက်လည်း သမားရိုးကျမဟုတ်သော ဖြေရှင်းနည်းများ ရှိနေနိုင်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့မှုသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ဆောင်ရွက်နေသည့် မြန်မာအစိုးရအတွက် အတားအဆီးတစ်ရပ်ဖြစ်သည်။ ကူးစက်မှု မြင့်တက်လာသည်နှင့်အမျှ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား ရွှေ့ဆိုင်းလိုက်ရသည်များ ရှိသည်။

သို့စေကာမူ ကပ်ရောဂါဘေး ကြုံတွေ့ရသည့် အနေအထားများသည် တစ်ခါတစ်ရံတွင် နှစ်ဘက်အတိုက်အခံအုပ်စုများအား လမ်းကြောင်းတစ်ခုပေါ်သို့ အတူတကွဆွဲတင်နိုင်ပြီး ပဋိပက္ခများအား ပြေလည်စေနိုင်ကြောင်းကို သမိုင်းသက်သေ သာဓကများ ရှိထားပြီးဖြစ်သည်။ ‘ရောဂါလောက် ကြောက်စရာကောင်းသော ရန်သူမရှိ။’ ဟူသည့် ဗမာဆိုရိုးစကားတစ်ခု ရှိသည်။ ဘုံရန်သူ ကိုဗစ်-၁၉ သည် ရာစုနှစ်နှင့်ချီ မကြုံဖူးသည့် ကပ်ဘေးကြီးတစ်ခု ဖြစ်သည်။ တစ်ချိန်တည်းတွင် ဤဘေးဆိုးကြီးသည် အပြိုင်အဆိုင် ပါတီများကြားတွင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာစေပြီး ရခိုင်ပြည်နယ်အတွက်လည်း လမ်းကြောင်းတစ်ခု ဖော်ဆောင်နိုင်သည့် အခွင့်အရေး ရှိနေသည်။

အေအေ စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသည့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ (ဓာတ်ပုံ - AA Info Desk)

မကြာသေးမီက ရှမ်းပြည်နယ်တွင် မြင်တွေ့ခဲ့ရသည့် အနေအထားသည် နှစ်ဘက်ရန်သူများအကြား ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းကို ပြသနေသည့် နမူနာကောင်းဖြစ်သည်။ ၂၀၂၀ မေလ အစောပိုင်းတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး လက်နက်ကိုင်အဖွဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အပါအဝင် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အုပ်စုအချို့သည် ကိုဗစ်-၁၉ ကူးစက်မှုကို ကာကွယ်ရန်အတွက် ပြင်ပအကူအညီများ တောင်းခံခဲ့ကြသည်။

ဤတောင်းခံမှုကို တုံ့ပြန်သည့်အနေနှင့် တပ်မတော်သည် ဆေးဘက်ဆိုင်ရာ အဖွဲ့များကို လက်နက်ကိုင်အုပ်စုများထံ စေလွှတ်ပေးခဲ့သည်။ UWSA ခေါင်းဆောင်သည် မကြာသေးမီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ‘ဝ’ပြည်သို့ အလည်လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ကိုဗစ်-၁၉ ကြောင့်သာမဟုတ်ပါက ဤသို့သော ပူးပေါင်းဆောင်ရွက်မှုမျိုးသည် တင်းမာမှုများရှိနေသည့် တပ်မတော်နှင့် UWSA တို့အကြား ပေါ်လာနိုင်စရာမရှိပေ။ UWSA သည် ၂၀၁၉ ခုနှစ် ဧပြီလတွင်လည်း ဧရာမစစ်ရေးပြပွဲကြီးကို လွတ်လပ်သော အစိုးရတစ်ရပ်ကဲ့သို့ ကျင်းပခဲ့သေးသည်။

မြန်မာတစ်နိုင်ငံလုံး ကိုဗစ်-၁၉ ပျံ့နှံ့မှု ဆက်လက်ရှိနေချိန်၌ ရှမ်းပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် အနေအထားနှင့် အလားတူ ကိစ္စရပ်များလည်း ရခိုင်ပြည်နယ်တွင် ပေါ်ထွက်လာနိုင်သည်။ ကပ်ရောဂါအရေးတွင် ‘ဝ’တပ်က အကူအညီတောင်းခံခဲ့သလိုမျိုး အေအေကလည်း လုပ်ဆောင်လာနိုင်သည်ကို ထည့်မတွက်ဘဲထား၍ မရပေ။

အချုပ်အားဖြင့် ဆိုရလျှင် သမိုင်းဆိုင်ရာ မကျေနပ်ချက်များ နှင့်အတူ အတိုက်အခံကို နှိမ်နင်းရမည်ဟူသော အမြင်ရှိသည့် ဝိသေသလက္ခဏာ နိုင်ငံရေးသည် ရခိုင်ပဋိပက္ခကို အဓိက မောင်းနှင်နေသည့်အချက်များ ဖြစ်သည်။ စစ်ရေးအရ တစ်လမ်းမောင်းဖြေရှင်းနည်းဖြင့် မစွမ်းသာကြောင်းကို သက်သေအဖြစ် မြင်တွေ့နေရသည့် အနေအထား၌ အေအေပြဿနာကို လတ်တလောကုစားနိုင်မည့်ပုံ မပေါ်သေးပေ။

မည်သို့ပင်ဆိုစေကာမူ ကိုဗစ်-၁၉ ကပ်ဘေးကြီး၏ ပြိုင်ဘက်မရှိသော စိန်ခေါ်မှုသည် ရခိုင်ဒေသ၏ နိုင်ငံရေး အခင်းအကျင်းတွင် အပြောင်းအလဲများဆီ ရုတ်ခြည်း ဦးတည်သွားနိုင်ခြေရှိနေသည်။ ထိုအတွက် သက်ဆိုင်သူများအနေဖြင့် နှစ်ဘက်လုံးအရှုံးပေါ်မည့် ကစားပွဲမှ ရုန်းထွက်ပြီး မျှခြေတစ်ခု ရှာဖွေရန်အတွက်သာမက ရခိုင်လူထု တောင့်တနေကြသည့် မှုန်ဝါးဝါး ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ချီတက်နိုင်မည့် ရတောင့်ရခဲအခွင့်အရေး တစ်ရပ်ကို ဤကပ်ဘေးကြီးထံမှ ရရှိနိုင်ကြောင်းကို ထည့်သွင်းတွက်ချက်ထားရန် လိုအပ်သည်။

၁၉၄၇ ပင်လုံစာချုပ်မှ ရလိုက်သော သင်ခန်းစာများအရ သက်ဆိုင်သူများသည် စကားဝိုင်းဆွေးနွေးပွဲများ၊ စေ့စပ်ညှိနှိုင်းမှုများ ပါဝင်သည့် နိုင်ငံရေးအရ ချဉ်းကပ်မှုကို စိတ်ရှည်လက်ရှည် ဆောင်ရွက်ပြီး ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ကြောင်း မြန်မာနိုင်ငံအနေဖြင့် သဘောပေါက်ပြီး ဖြစ်သည်။ ယခုကဲ့သို့ မရေရာသောကာလမျိုး၌ ဆိုလျှင် ထိုကဲ့သို့လုပ်ငန်းစဉ်များအား ပုံမှန်ထက်ပိုပြီး အလေးထား ဆောင်ရွက်ရန် လိုအပ်လျှက်ရှိနေပေသည်။

စောသန္တာအေး
(ဆောင်းပါးရှင် ရှင်မြောင်ပါ့ခ် ၏ Identity Politics and COVID-19 in Myanmar’s Rakhine State ကို ဆီလျော်အောင် မြန်မာမှုပြုပါသည်။)

မှတ်ချက် ။ ။ မူလဆောင်းပါးရှင် ရှင်မြောင်ပါ့ခ် (Sinmyung Park) သည် အရီဇိုးနားပြည်နယ်တက္ကသိုလ်တွင် တရားစီရင်ရေးဆိုင်ရာ လေ့လာရေး PhD ကျောင်းသားတစ်ဦးဖြစ်ပြီး ယခင်က မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးတွင် နိုင်ငံရေးသုတေသီအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

ဗီဒီယိုများ