မူးယစ်ဂိုဏ်းရဲ့ ငွေမည်းခဝါချတဲ့ လမ်းကြောင်း

ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ မူးယစ်ဆေးဝါးရောင်းချရာက ရလာတဲ့ ပိုက်ဆံတွေကို တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်သလဲ ဆိုတာကို ဘီဘီစီမြင်ကွင်းကျယ် အစီအစဉ်နဲ့ ပြင်သစ်မီဒီယာကုမ္ပဏီ Premières Lignes တို့ ပူးပေါင်းပြီး တင်ဆက်ထားတာကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။

By စောသန္တာအေး 12 Jan 2020

ကမ္ဘာတစ်ဝန်းမှာ နှစ်စဉ် ခဝါချတဲ့ ငွေမည်းပမာဏဟာ ဒေါ်လာ ၈၀၀ ဘီလီယံ နဲ့ ၂ ထရီလီယံ ကြား ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ (ဓာတ်ပုံ - BBC)

ငွေမည်းခဝါချတယ်ဆိုတာ တရားမဝင်နည်းလမ်းနဲ့ ရထားတဲ့ ပိုက်ဆံတွေကို တရားဝင်ဖြစ်အောင် လုပ်တာကို ခေါ်တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်က ပြင်သစ်မှာ ငွေမည်းခဝါချတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ အဖွဲ့ဝင် ၂၇ ဦးလုံး အဖမ်းခံခဲ့ရပေမယ့် နောက်ကွယ်က အဓိကကြိုးကိုင်သူကိုတော့ ခုချိန်ထိ ဖမ်းမမိသေးပါဘူး။ ဒီမူးယစ်ဂိုဏ်းက ခဝါချခဲ့တဲ့ ငွေပမာဏဟာ ဒေါ်လာသန်းပေါင်း ၂၅၀ ရှိပါတယ်။

နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းရဲ့ မူးယစ်ဆေးဝါးရောင်းချရာက ရလာတဲ့ ပိုက်ဆံတွေကို တရားဝင်ဖြစ်အောင် ဘယ်လိုလုပ်သလဲ ဆိုတာကို ဘီဘီစီမြင်ကွင်းကျယ် အစီအစဉ်နဲ့ ပြင်သစ်မီဒီယာကုမ္ပဏီ Premières Lignes တို့ ပူးပေါင်းပြီး တင်ဆက်ထားတာကို ဘာသာပြန်ဖော်ပြလိုက်ပါတယ်။

များပြားလှတဲ့ ငွေသားတွေကို ဘဏ်မှာ ဒီအတိုင်းသွားသွင်းလို့ မရပါဘူး။ (သရုပ်ဖော်ပုံ - BBC)

ကွင်းဆက်က ဗြိတိန်မှာ မူးယစ်ဆေး ရောင်းချတာကနေ စပါတယ်။ စတာလင်ပေါင် သိန်းပေါင်းများစွာသော မူးယစ်ဆေး ရောင်းရငွေတွေဟာ သူဌေးဆီကို ငွေသားအတိုင်း ရောက်သွားပါတယ်။ ဒီလောက်များတဲ့ ငွေသားပမာဏကို ဘဏ်မှာ ဒီအတိုင်းသွားသိမ်းလို့ မရပါဘူး။

သူတို့ဟာ ဥရောပက မော်ရိုကိုသား ငွေမည်းခဝါချသူ တစ်ဦးနဲ့ ဆက်သွယ်ပါတယ်။ သူ့နာမည်က နော်-အီဒင်း (Nour-Eddine) လို့ခေါ်ပါတယ်။ ငွေမည်းခဝါချရာမှာ ဆရာတစ်ဆူဖြစ်ပါတယ်။

ပိုက်ဆံတွေကို လေဆိပ် သန့်ရှင်းရေးသမား တစ်ဦးက ယူကေကနေ ပါရီဆီ ပို့ပါတယ်။ (သရုပ်ဖော်ပုံ - BBC)

သူတို့ရဲ့ ပထမဆုံးအဆက်အသွယ်ကတော့ လေဆိပ်က ဟာဆန် မိုဂမ်မာဒူး (Hassan Mougammadou) ဆိုတဲ့ သန့်ရှင်းရေးသမားပါ။ သူက ပိုက်ဆံသယ်ပေးတဲ့အလုပ်ကို လုပ်ပါတယ်။ မူးယစ်ဆေးရောင်းရာက ရလာတဲ့ ပိုက်ဆံတွေကို သူက ယူကေကနေ ပါရီကို ပို့ပါတယ်။

အမြဲတမ်းမှတ်ထားဖို့က ပိုက်ဆံရေတဲ့အချိန်မှာ တံခါးပိတ်၊ အခန်းမီးပိတ်၊ တီဗီဖွင့်၊ ကိစ္စပြီးတိုင်း စားပွဲခုံကိုရှင်း။ (သရုပ်ဖော်ပုံ - BBC)

ပါရီမှာတော့ လူနာတင်ယာဉ်မောင်းတဲ့ ဒရိုင်ဘာတစ်ဦးက ဟာဆန်လိုလမ်းကြောင်းတွေ အပါအဝင် တခြားနေရာတွေက သယ်လာတဲ့ ပိုက်ဆံတွေကို ယူသွားပါတယ်။ သူ့တာဝန်က ဒီပိုက်ဆံတွေကို ငွေရေစက်နဲ့ ရေပြီး တစ်ထောင်တန်အုပ်တွေအဖြစ် သားရေကြိုးနဲ့စည်း၊ ပြီးရင် တစ်သောင်းထုပ်တွေ ထုပ်ပေးဖို့ပါ။ ပိုက်ဆံတွေ ရေတွက်ချိန်တိုင်း မှာ တံခါးပိတ်၊ အခန်းမီး ပိတ်၊ တီဗီဖွင့်ထားပါတယ်။ တီဗီက ဆူညံသံကြောင့် ငွေရေစက်က အသံကို မကြားရအောင်ပါ။

လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ဒီပိုက်ဆံတွေကို ဘယ်လ်ဂျီယံထဲက အန့်ဝေါ့ပ် မြို့အထိ ကားနဲ့သယ်သွားပါတယ်။ (သရုပ်ဖော်ပုံ - BBC)

ဒီနောက်မှာတော့ လူလတ်ပိုင်း အမျိုးသမီးတစ်ဦးက ဒီပိုက်ဆံတွေကို ဘယ်လ်ဂျီယံထဲက အန့်ဝေါ့ပ် (Antwerp) မြို့အထိ ကားနဲ့သယ်သွားပါတယ်။ ဒီမြို့မှာတော့ မှောင်ခိုဈေးက ရွှေတွေကို လိုသလောက်ရောင်းချပေးသူ တစ်ယောက် ရှိနေပါတယ်။ သူ့နာမည်က ဂျော်ကေး ဘလက်နာ (Gheorghe Blutner) လို့ခေါ်ပါတယ်။ သူက အရေးပါတဲ့ ကွင်းဆက်ဖြစ်ပါတယ်။ ရွှေဝယ်ရင် ငွေသားနဲ့ဆိုရင် ပေါင် ၃၀၀၀ ထက် ပိုသုံးခွင့်မရှိဘူးလို့ တားမြစ်ထားပေမယ့် ဘလက်နာကတော့ ပေါင် ၆ သန်းဖိုးပမာဏရှိတဲ့ ရွှေသား ၂၀၀ ကီလိုဂရမ် လဲပေးလိုက်ပါတယ်။

ငွေသားတွေနဲ့ မှောင်ခိုဈေးမှာ ရွှေဝယ်လိုက်ပါတယ်။ (သရုပ်ဖော်ပုံ - BBC)

လက်ထဲကို ရွှေတွေရောက်လာပါပြီ။ ရွှေကျတော့ ငွေထုပ်ကြီးထမ်းသွားနေတာလောက် သံသယမဖြစ်ကြတော့ဘူးလေ။ ဒီရွှေတွေ ဝယ်ထားကြောင်း ပြေစာအတုတွေတောင် ရနိုင်ပါသေးတယ်။ တစ်နိုင်ငံကနေ တစ်နိုင်ငံဆီ သယ်သွားချိန်မှာ တရားဝင်ပုံစံ ပေါက်တာပေါ့။

ဒီနောက်မှာတော့ ဘယ်လ်ဂျီယံကနေ အမ်စတာဒမ်၊ ဒီကတစ်ဆင့် ဒူဘိုင်းအထိ လေယာဉ်နဲ့ ခရီးဆက်ပါတယ်။ စာရွက်စာတမ်းအပြည့်အစုံနဲ့ တရားဝင် ပေါ့လေ။

ဒူဘိုင်းမှာ ရွှေတွေကိုပြန်ရောင်းပြီး ငွေသားပြောင်းပါတယ်။ တရားဝင်ပိုက်ဆံ ဖြစ်သွားပါပြီ။ ဒီပိုက်ဆံတွေကို ငွေလဲကောင်တာတွေဆီ သွင်းပြီး ကမ္ဘာအနှံ့က ဘဏ်အကောင့်တွေဆီ ငွေလွှဲလိုက်ပါတော့တယ်။

၂၀၁၇ ခုနှစ်မှာ ဒီအဖွဲ့ကိုဖမ်းတော့ ပိုက်ဆံကောက်သူ လူနာတင်ယာဉ်မောင်း၊ ငွေသယ်သူ ဟာဆန်၊ ရွှေရောင်းသူ ဂျော်ကေး ဘလက်နာ အပါအဝင် ဆက်စပ်သူစုစုပေါင်း ၂၇ ဦးကို ဖမ်းမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က ကြိုးကိုင်ဗိသုကာကြီး နော်-အီဒင်း ကိုတော့ ဖမ်းမမိသေးပါဘူး။ ယခုအချိန်ထိ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေကတော့ သူဟာ မော်ရိုကိုမှာရှိတယ်လို့ ပြောကြပါတယ်။

စောသန္တာအေး
(ကိုးကား - BBC, ICSA)

ဗီဒီယိုများ