အာဖဂန်အရှေ့ပိုင်းတွင် မိုးသည်းထန်ပြီး ရုတ်တရက်ရေကြီးမှုကြောင့် လူ ၂၀ သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ လိုဂါခရိုင်တွင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမှုများကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး အိမ်ခြေ ၃၀၀၀ ခန့် ပျက်စီးသွားကြောင်း ဒေသအာဏာပိုင်များက သြဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

23 Aug 2022

ဓာတ်ပုံ - AP

DMG ၊ ဩဂုတ် ၂၃

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းရှိ လိုဂါခရိုင်တွင် မိုးသည်းထန်ပြီး ရုတ်တရက် ရေကြီးမှုများကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီး အိမ်ခြေ ၃၀၀၀ ခန့် ပျက်စီးသွားကြောင်း ဒေသအာဏာပိုင်များက သြဂုတ်လ ၂၁ ရက်နေ့တွင် ပြောကြားလိုက်သည်။

အဆိုပါခရိုင်ရှိ နေရာအများအပြား၌ သြဂုတ်လ ၂၀ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ယခုသေဆုံးသူများအပြင် နောက်ထပ် လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ပြောသည်။

ရေကြီးမှုကြောင့် တူးမြောင်း ဒါဇင်ပေါင်းများစွာ ပျက်စီးခဲ့ရသလို စိုက်ပျိုးရေးမြေ ဧက ၅ ထောင်ခန့်လည်း ပျက်စီးခဲ့သည်။ မွေးမြူရေးတိရစ္ဆာန် ၂ ထောင်ဝန်းကျင်လည်း သေကြေခဲ့ရသည်ဟု အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်ချက်တစ်စောင်၌ ဖော်ပြထားသည်။

လာမည့်ရက်များအတွက် နိုင်ငံတစ်ဝန်းရှိ ခရိုင် ၂၁ ခုတွင် မိုးရွာသွန်းမှုသည် ယခုထက်ပိုများလာနိုင်ပြီး ရေကြီးမှုများလည်း ရှိလာနိုင်ကြောင်း အာဖဂန် အမျိုးသား မိုးလေဝသဌာနက ခန့်မှန်းထားသည်။

အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်စဉ် ရေကြီးမှုနှင့် မိုးသည်းထန်မှုများကြောင့် လူအများအပြား သေဆုံးလေ့ရှိသည်။ သဘာဝဘေးဒဏ်ကို အများဆုံးခံရသည့် နေရာများမှာ အရည်အသွေးညံ့ဖျင်းစွာ ဆောက်လုပ်ထားပြီး အချိန်မရွေး ပြိုကျနိုင်ခြေရှိသည့် နေအိမ်များရှိနေသည့် ကျေးလက် နယ်စွန်နယ်ဖျား ဒေသများဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ နိုင်ငံတကာ အကူအညီများနှင့် သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် သိသိသာသာ လျော့နည်းသွားခဲ့သည်။ အနောက်နိုင်ငံများသည်လည်း ၎င်းတို့၏ အကူအညီများသည် တာလီဘန်တို့၏ အာဖဂန်ကို အုပ်ချုပ်ရေးတွင် အထောက်အပံ့ဖြစ်မည်ကို စိုးရိမ်လျက်ရှိကြသည်။

ဗီဒီယိုများ