အယ်ကိုင်းဒါးခေါင်းဆောင် ဇာဝါဟီရီအား အမေရိကန်က ဒရုန်းဖြင့် သတ်ဖြတ်

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုများတွင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့အလိုအရှိဆုံး အကြမ်းဖက်သမားများအနက် တစ်ဦးဖြစ်သူ အယ်ကိုင်းဒါးခေါင်းဆောင် အိုင်မန်အယ်လ်ဇာဝါဟီရီကို လုပ်ကြံသတ်ဖြတ်လိုက်ပြီဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာလိုက်သည်။

03 Aug 2022

အယ်ကိုင်းဒါးခေါင်းဆောင် ဇာဝါဟီရီ။

DMG ၊ ဩဂုတ် ၃

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုများတွင် နောက်ကွယ်က ကြိုးကိုင်ခဲ့သူဖြစ်ပြီး ကမ္ဘာ့အလိုအရှိဆုံး အကြမ်းဖက်သမားများအနက် တစ်ဦးဖြစ်သူ အယ်ကိုင်းဒါးခေါင်းဆောင် အိုင်မန်အယ်လ်ဇာဝါဟီရီကို လုပ်ကြံသတ်ဖြတ်လိုက်ပြီဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာလိုက်သည်။

အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့က တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး တိုက်ခိုက်မှုဆောင်ရွက်ရန် နောက်ဆုံးအတည်ပြုချက်အား မိမိပေးခဲ့ခြင်းဖြစ်သည်ဟု သမ္မတဘိုင်ဒန်က ရုပ်သံမိန့်ခွန်းတစ်ရပ်တွင် ပြောကြားသည်။

“တရားမျှတမှုကို ဖော်ဆောင်လိုက်ပါပြီ။ အကြမ်းဖက်ခေါင်းဆောင် မရှိတော့ပါဘူး” ဟု သူကပြောသည်။

တိုက်ခိုက်မှုအတွင်း အရပ်သားသေဆုံးရမှု မရှိခဲ့ကြောင်းလည်း ဘိုင်ဒန်က ပြောကြားသည်။

ဇာဝါဟာရီသည် ကာဘူးရှိနေအိမ်တစ်လုံး၏ ဝရန်တာ၌ ရှိနေစဉ် ဒရုန်းဖြင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ အာဖဂန်မြေပြင်၌ အမေရိကန်တပ်ဖွဲ့ဝင်များ ရှိမနေခဲ့ကြောင်း အကြီးတန်း အုပ်ချုပ်ရေးအရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုသည် ၂၀၂၁ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့တွင် အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်နိုင်ငံမှ အပြီးတိုင် ရုတ်သိမ်းအပြီး ပထမဆုံးအကြိမ်အဖြစ် နိုင်ငံပြင်ပမှ တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

အသက် ရ၁ နှစ်အရွယ် ဇာဝါဟီရီသည် ၂၀၁၁ ခုနှစ်တွင် ပါကစ္စတန်၌ အမေရိကန်တို့က အယ်ကိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင်အား သတ်ဖြတ်ခဲ့ပြီးနောက် အယ်ကိုင်းဒါးခေါင်းဆောင်ရာထူးကို ဆက်ခံခဲ့သည်။ ဇာဝါဟီရီသတင်း ပေးနိုင်သူအား ဆုငွေ ၂၅ သန်း ပေးမည်ဟု အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စုတွင် ပြည်သူ ၃ ထောင်နီးပါး သေဆုံးခဲ့ရသည့် ၂၀၀၁ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်ခံရမှုတွင် ဇာဝါဟီရီသည် အဓိကအစီအစဉ် ရေးဆွဲခဲ့သူဖြစ်သည်ဟု ယူဆရသည်။

ဗီဒီယိုများ