- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
အာဖဂန်အမျိုးသမီးများ တက္ကသိုလ်ပညာ သင်ကြားခွင့်မပြုကြောင်း တာလီဘန်တို့ အမိန့်ထုတ်
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများအား တက္ကသိုလ်ပညာ တက်ရောက်သင်ကြားခွင့် ပိတ်ပင်လိုက်ကြောင်း တာလီဘန်အာဏာပိုင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။
22 Dec 2022
ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၂၂
အာဖဂန်နစ္စတန်နိုင်ငံတွင် အမျိုးသမီးများအား တက္ကသိုလ်ပညာ တက်ရောက်သင်ကြားခွင့် ပိတ်ပင်လိုက်ကြောင်း တာလီဘန်အာဏာပိုင်များက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။
“နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရမချင်း အမျိုးသမီးများအား ပညာသင်ကြားမှုများကို ချက်ချင်းရပ်ဆိုင်းရန်” အာဖဂန် အဆင့်မြင့်ပညာရေး ဝန်ကြီးဌာနက အစိုးရရုံးဌာနများနှင့် တက္ကသိုလ်များထံသို့ ပေးပို့သည့် ညွှန်ကြားစာ၌ ဖော်ပြထားသည်။
တာလီဘန်တို့သည် ပြီးခဲ့သည့်နှစ်က အာဏာရလာခဲ့ပြီးနောက် အာဖဂန်တွင် ပျော့ပျောင်းသည့် အုပ်ချုပ်မှုများ ကျင့်သုံးသွားမည်ဟု ကတိပြုခဲ့သော်လည်း အမျိုးသမီးများ၏ ရပိုင်ခွင့်များကို ဆက်တိုက်ဆိုသလို ကန့်သတ်မှုများ ပြုလုပ်လျက်ရှိသည်။
နိုင်ငံတစ်ဝန်း လွန်ခဲ့သောသုံးလခန့်က အမျိုးသမီးငယ် ထောင်ပေါင်းများစွာသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုခဲ့ကြကာ အများစုမှာ ပညာသင်ကြားပေးရေးနှင့် ဆေးဝါးပညာများ သင်ယူရန် အားသန်လျက်ရှိခဲ့ကြသည်။
တာလီဘန်တို့ အာဏာရလာခဲ့ပြီးနောက် တက္ကသိုလ်များတွင် ကျား၊မ ခွဲသင်သည့်စနစ်များ အကောင်အထည်ဖော်ရန် ဖိအားပေးခဲ့သလို အမျိုးသမီးကျောင်းသူများကိုလည်း အမျိုးသမီး ဆရာများနှင့် သက်ကြီး အမျိုးသားဆရာများသာ သင်ကြားပေးရန် ညွှန်ကြားခဲ့သည်။
အာဖဂန်အမျိုးသမီးများသည် အစိုးရဝန်ထမ်းများအဖြစ်မှ နုတ်ထွက်ရန် ဖိအားပေးခံရခြင်းများ ရှိနေသလို ဆွေမျိုးတော်စပ်သူ အမျိုးသား အဖော်တစ်ဦးဦး မပါဘဲ ခရီးထွက်ခွင့်လည်း မရှိပေ။