အာဖဂန်ငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁၀၀၀ ကျော်ရှိ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ တောင်ထူထပ်သည့်ဒေသတွင် ယမန်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် ၁၀၀၀ ကျော်နေပြီဖြစ်ပြီး ထပ်မံမြင့်တက်လာနိုင်ခြေ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 23 Jun 2022

ဓာတ်ပုံများ - AP

DMG ၊ ဇွန် ၂၃

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ တောင်ထူထပ်သည့်ဒေသတွင် ယမန်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူအရေအတွက်သည် ၁၀၀၀ ကျော်နေပြီဖြစ်ပြီး ထပ်မံမြင့်တက်လာနိုင်ခြေ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇွန်လ ၂၃ ရက်နေ့အထိ အကူအညီပေးသူများသည် အပျက်အစီးပုံများအောက်တွင် ပိတ်မိနေသူများအား ကယ်တင်နိုင်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။

“လူတွေက မြေပုံတွေတစ်ခုပြီးတစ်ခု ဆက်တိုက်တူးနေကြတာ” ဟု ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသည့် ပါတိကာဒေသမှ ပြန်ကြားရေးနှင့်ယဉ်ကျေးမှုဌာန အကြီးအကဲ မိုဟာမက်အာမင်ဟူဇိုင်ဖာက ပြောသည်။ မိမိတို့ဒေသတစ်ခုတည်းတွင် သေဆုံးသူအရေအတွက်သည် ၁၀၀၀ ထက်မနည်းရှိမည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

ဒဏ်ရာရသူ ၁၅၀၀ ကျော်ရှိပြီး ဒဏ်ရာပြင်းထန်သူလည်း အများအပြားရှိနေကြောင်း ဟူဇိုင်ဖာက ပြောသည်။

ငလျင်လှုပ်ခတ်ခဲ့သည့် ဒေသများသည် ငလျင်မတိုင်မီတည်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တုံးများပြိုကျခြင်း၊ မြေပြိုကျခြင်းများဖြစ်ပွားကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့် နေရာများဖြစ်သည်။

ငလျင်ကြောင့် ပျက်စီးသွားသည့် လူနေအိမ်ခြေ အရေအတွက်သည် ၂၀၀၀ နီးပါးရှိနိုင်ကြောင်း အာဖဂန်နစ္စတန်ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းရေးမှူး ရာမစ်အလ္လာဘာရောက ပြောသည်။

အာဖဂန်ကို လက်ရှိအုပ်ချုပ်လျက်ရှိသည့် တာလီဘန်တို့သည် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် တင်းကြပ်သောစည်းကမ်းများဖြင့် နှိပ်ကွပ်မှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ၎င်းတို့ကို ဖယ်ကြဉ်လျက်ရှိသည်။ ယခုကဲ့သို့ ငလျင်ဒဏ်ရင်ဆိုင်ရခြင်းသည် တာလီဘန်တို့အတွက် ဖြေရှင်းရန်ကြီးလေးသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

မိမိတို့ ကုလသမဂ္ဂ အဖွဲ့ကြီးအနေဖြင့် အာဖဂန်ကို အပြည့်အဝကူညီရန် စီစဉ်လျက်ရှိပြီး ငလျင်ဒဏ်သင့်ရာ ဒေသသို့ ကျန်းမာရေးဝန်ထမ်းများ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ ပေးပို့ထားကြောင်း အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်က ပြောကြားသည်။

ဗီဒီယိုများ