နိုင်ငံခြားတပ်များရုပ်သိမ်းခြင်း နှစ်ပတ်လည်နေ့အခမ်းအနား တာလီဘန်များဆင်နွှဲ

နှစ် ၂ဝ ကြာဆိုးဝါးသော စစ်ပွဲတစ်ခုအပြီး အာဖဂန်နစ္စတန်မှ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ ဆုတ်ခွာသွားသည့် ပထမဆုံးနှစ်ပတ်လည်နေ့ကို ကျင်းပရန်အတွက် တာလီဘန်တို့သည် ဗုဒ္ဓဟူးနေ့ကို နိုင်ငံတော်အားလပ်ရက်တစ်ရက်အဖြစ် ကြေညာပြီး မြို့တော်ကို ရောင်စုံမီးများဖြင့် ထွန်းညှိခဲ့ကြသည်။

02 Sep 2022

ဓာတ်ပုံ - AFP

DMG ၊ စက်တင်ဘာ ၂

နှစ် ၂ဝ ကြာဆိုးဝါးသော စစ်ပွဲတစ်ခုအပြီး အာဖဂန်နစ္စတန်မှ အမေရိကန်ဦးဆောင်သော တပ်ဖွဲ့များ ဆုတ်ခွာသွားသည့် ပထမဆုံးနှစ်ပတ်လည်နေ့ကို ကျင်းပရန်အတွက် တာလီဘန်တို့သည် ဗုဒ္ဓဟူးနေ့ကို နိုင်ငံတော်အားလပ်ရက်တစ်ရက်အဖြစ် ကြေညာပြီး မြို့တော်ကို ရောင်စုံမီးများဖြင့် ထွန်းညှိခဲ့ကြသည်။

အင်ပါယာသုံးနိုင်ငံ (ယခင် ဆိုဗီယက်ယူနီယံနှင့် ဗြိတိန်တို့သည်လည်း အာဖဂန်နစ္စတန်တွင် စစ်ရှုံးခဲ့သည်)  ကို တွန်းလှန် အောင်မြင်နိုင်ခဲ့မှုကို ရည်ညွှန်းသော ဆိုင်းဘုတ်များကို ကဘူးလ်၌ ဗုဒ္ဓဟူးနေ့က လွှင့်တင်ခဲ့ကြသည်။

အစ္စလာမ်ယုံကြည်ချက်များကို ပြသလျက်ရှိသည့် ရာနှင့်ချီသော အဖြူရောင် တာလီဘန်အလံများသည် မီးတိုင်များနှင့် အစိုးရ အဆောက်အအုံများတွင် ပျံ့လွင့်နေခဲ့ကြသည်။

ကန့်သတ်ချက်များနှင့် ပိုဆိုးထက်သထက်ဆိုးလာနေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ရှိနေလင့်ကစား အာဖဂန်အများအပြားက တာလီဘန်တို့ လက်နက်ကိုင်လာအောင် လှုံ့ဆော်ပေးသည့် နိုင်ငံခြားအင်အားရပ်များ ထွက်ခွာသွားခဲ့ခြင်းအတွက် ဝမ်းမြောက်ကြောင်း ပြောဆိုကြသည်။

“အလ္လာဟ်အရှင်မြတ်က ဘာသာခြားတွေကို ငါတို့တိုင်းပြည်ကနေ ဖယ်ရှားပြီး အစ္စလာမစ်ပြည်ထောင်စုကို တည်ထောင်နိုင်ခဲ့လို့ ဝမ်းသာပါတယ်” ဟု ကဘူးလ်မြို့ခံတစ်ဦးဖြစ်သူ ဇဲမဲလ်က ပြောကြားသည်။

မည်သည့်နိုင်ငံကမျှ တရားဝင် အသိအမှတ်ပြုထားခြင်းမရှိသော နိုင်ငံ၏ အုပ်ချုပ်သူအသစ်များသည် အမျိုးသမီးများကို နေ့စဉ်လူနေမှုဘဝမှ ပယ်ထုတ်ထားသည့် အစ္စလာမ်မစ်ဥပဒေအား ကြမ်းတမ်းသည့် ၎င်းတို့၏ပုံစံဖြင့် ချွတ်ခြုံကျနေသည့် နိုင်ငံအတွက် ပြန်လည်ပြဌာန်းခဲ့ကြသည်။

၂ဝဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီးတွင် စတင်ခဲ့သည့် အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲသည် သြဂုတ်လ ၃၁ ရက်နေ့တွင် အဆုံးသတ်ခဲ့သည်။

ပဋိပက္ခအတွင်း အာဖဂန်တပ်ဖွဲ့ဝင် ၆၆,ဝဝဝ ခန့်နှင့် အရပ်သား ၄၈,ဝဝဝ ခန့် သေဆုံးခဲ့ရသော်လည်း အမေရိကန်လူထုအတွက်မူ အမေရိကန် စစ်မှုထမ်း စုစုပေါင်း ၂,၄၆၁ ဦး သေဆုံးမှုမှာ သည်းမခံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ အခြားနေတိုးနိုင်ငံများမှ တပ်ဖွဲ့ဝင်ပေါင်း ၃၅ဝဝ ကျော်လည်း သေဆုံးခဲ့ရသည်။

ဗီဒီယိုများ