- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
- အရှေ့တီမောကို အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံမည့်အစီအစဉ် မြန်မာစစ်ကောင်စီ မထောက်ခံ
- မလေးတွင် မြန်မာအများစု နေထိုင်သည့်တိုက်ခန်း ဝင်စီးခံရကာ လူပေါင်း ၄၀ ခန့် ဖမ်းဆီးခံရ
- စစ်ကောင်စီထိန်းချုပ်ဆဲ ကျောက်ဖြူတွင် ထူပြောလာသည့် ရာဇဝတ်မှုများကို မထိန်းချုပ်နိုင်ဖြစ်လာ
- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
ကိုဗစ်-၁၉ ကာကွယ်ဆေးများက ပထမတစ်နှစ်အတွင်း လူ့အသက်ပေါင်း သန်း ၂၀ ကို ကယ်တင်နိုင်ခဲ့
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်အသုံးပြုခဲ့ပြီးနောက် ပထမတစ်နှစ်တာအတွင်း လူ့အသက်ပေါင်းသန်း ၂၀ နီးပါးကို ကယ်တင်နိုင်ခဲ့ကြောင်း သောကြာနေ့ထုတ်ပြန်သည့် လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။
25 Jun 2022

DMG ၊ ဇွန် ၂၅
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထုတ်လုပ်အသုံးပြုခဲ့ပြီးနောက် ပထမတစ်နှစ်တာအတွင်း လူ့အသက်ပေါင်းသန်း ၂၀ နီးပါးကို ကယ်တင်နိုင်ခဲ့ကြောင်း သောကြာနေ့ထုတ်ပြန်သည့် လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။
Lancet Infectious Diseases စာစောင်တွင် ဖော်ပြထားသည့် အဆိုပါလေ့လာမှုကို နိုင်ငံပေါင်း ၁၈၅ နိုင်ငံတွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့အထိ လေ့လာခဲ့သည့် အချက်အလက်များအပေါ် အခြေခံ ပြုစုထားခြင်း ဖြစ်သည်။
ယခုလေ့လာချက်သည် ကိုဗစ်-၁၉ ထိုးဆေးများ၏ ရလဒ်များအဖြစ် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အသက်ကယ်တင်နိုင်ခဲ့မှုများကို ပထမဆုံး လေ့လာချက်လည်း ဖြစ်သည်။
ကာကွယ်ဆေးများသာ မရရှိခဲ့ပါက ဆုံးပါးနိုင်ခြေရှိသည့် အသက်ပေါင်း ၃၁.၄ သန်းအနက် ၁၉.၈ သန်းကို ကာကွယ်ဆေးထိုးနှံမှုဖြင့် ကယ်တင်နိုင်ခဲ့သည်ဟု လေ့လာချက်က ဖော်ပြသည်။ ဤပမာဏသည် သေဆုံးမှုကို ၆၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
လေ့လာမှုသည် နိုင်ငံအလိုက် ကွဲပြားသော ကာကွယ်ဆေးထိုးနှံမှု နှုန်းထားပမာဏ နှိုင်းယှဉ်ချက်များ၊ ကာကွယ်ဆေး၏ အာနိသင်ထိရောက်မှု၊ တစ်နိုင်ငံချင်းစီ၌ အဓိကအသုံးများသည့် ကာကွယ်ဆေးအမျိုးအစားများ စသည်တို့ကို ထည့်သွင်းတွက်ချက်ခဲ့ခြင်း ဖြစ်သည်။
ယခုတွက်ချက်မှု၌ တရုတ်နိုင်ငံကို ထည့်သွင်းမထားပေ။ နိုင်ငံလူဦးရေ များပြားမှု၊ ကိုဗစ်စည်းကမ်းများ တင်းကြပ်စွာ ချမှတ်ကိုင်တွယ်မှုတို့ကြောင့် တွက်ချက်သည့်ရလဒ် လွဲချော်သွားနိုင်သဖြင့် တရုတ်ကို ချန်လှပ်ထားခဲ့ခြင်းဟု လေ့လာသူများက ပြောသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ချမှတ်ခဲ့သည့် ၂၀၂၁ အကုန်တွင် ကမ္ဘာ့နိုင်ငံများ၏ တစ်နိုင်ငံချင်း လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးစီးရေး ရည်မှန်းချက်သာ ပြည့်မီခဲ့မည်ဆိုပါက နောက်ထပ် အသက်ပေါင်း ၆ သိန်းအထိ ကယ်တင်နိုင်ခြေ ရှိခဲ့သည်ဟုလည်း လေ့လာချက်တွင် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရသူ အရေအတွက်သည် တရားဝင်စာရင်းများအရ ၆.၃ သန်းအထိ ရှိနေပြီဖြစ်ကြောင်း WHO အဖွဲ့ကြီးက ထုတ်ပြန်ထားသည်။ သို့သော်လည်း တိုက်ရိုက်နှင့် တစ်ဆင့်ခံအကြောင်းရင်းဖြင့် သေဆုံးရမှုများ၊ မှတ်တမ်းတင်ရန် အဆင်မပြေခဲ့သည့် သေဆုံးရမှုများကိုပါ ထည့်တွက်မည်ဆိုလျှင် ကိုဗစ်ကြောင့် သေဆုံးရသူအရေအတွက် စုစုပေါင်းသည် ၁၅ သန်းခန့်အထိ ရှိနေနိုင်ကြောင်းလည်း WHO က ခန့်မှန်းထားသည်။