ထိုင်ဝမ်လေတပ်အတွက် ဖြည့်စွက်အစိတ်အပိုင်းများ ကန်ဒေါ်လာ ၄၂၈ သန်းဖိုး အမေရိကန်ရောင်းမည်

တရုတ်ဂျက်လေယာဉ်များ မကြာခဏ ဝင်ရောက်ကျူးကျော်မှုရှိနေသည့် ထိုင်ဝမ်အတွက် လေယာဉ်အစိတ်အပိုင်းများ အမေရိကန်ဒေါ်လာ ၄၂၈ သန်းဖိုးရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 08 Dec 2022

ထိုင်ဝမ်လေတပ်အတွက် ဖြည့်စွက်အစိတ်အပိုင်းများ ကန်ဒေါ်လာ ၄၂၈ သန်းဖိုး အမေရိကန်ရောင်းမည်

ဓာတ်ပုံ - Reuters

DMG | ဒီဇင်ဘာ ၈

တရုတ်ဂျက်လေယာဉ်များ မကြာခဏ ဝင်ရောက်ကျူးကျော်မှုရှိနေသည့် ထိုင်ဝမ်အတွက် လေယာဉ်အစိတ်အပိုင်းများ အမေရိကန်ဒေါ်လာ ၄၂၈ သန်းဖိုးရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်လေတပ်တွင် အသုံးပြုနေသော ပစ္စည်းများသည် ဟောင်းနေပြီဖြစ်ကာ တရုတ်လေတပ်နှင့် ယှဉ်လျှင် မယှဉ်နိုင်အောင် အားနည်းလျက်ရှိသည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းကို ၎င်းတို့ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။ ပြီးခဲ့သော သုံးနှစ်တာကာလအတွင်း တရုတ်တိုက်လေယာဉ်များသည် ထိုင်ဝမ်ကျွန်းအနီးတွင် မကြာခဏဆိုသလို ဝင်ရောက်ပျံသန်းလေ့ရှိသည်။

အင်္ဂါနေ့နှောင်းပိုင်းက ပင်တဂွန်က ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှစ်စောင်၌ ယခုရောင်းချမည့် အစိတ်အပိုင်းများသည် ထိုင်ဝမ်၏ F-16 တိုက်လေယာဉ်များ အပါအဝင် အမေရိကန်ထုတ် တိုက်လေယာဉ်များနှင့် ပူးတွဲ လေကြောင်းစနစ်များ အားလုံးအတွက် အသုံးပြုနိုင်မည်ဟု ဖော်ပြထားသည်။

ယခုရောင်းချမှုအား တစ်လအတွင်း အကောင်အထည်ဖော်မည်ဟု မျှော်လင့်ထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနဘက်က ပြောကြားသည်။

အမေရိကန်နှင့် ထိုင်ဝမ်အကြားတွင် တရားဝင်သံတမန် ဆက်ဆံရေး မရှိထားသော်လည်း အမေရိကန်သည် ထိုင်ဝမ်အတွက် လိုအပ်သော လက်နက်များ အဓိကရောင်းချပေးနေသည့်နိုင်ငံ ဖြစ်သည်။

ယခုရောင်းချမှုသည် သမ္မတဘိုင်ဒန်လက်ထက်တွင် ခုနစ်ကြိမ်မြောက် အတည်ပြုရောင်းချခြင်း ဖြစ်ကာ ဤရောင်းချမှုကြောင့် ထိုင်ဝမ်၏ တိုက်ခိုက်ရေးစွမ်းရည် အားကောင်းလာစေမည်ဟု ထိုင်ဝမ်သမ္မတရုံးက ပြောကြားသည်။

တရုတ်သည် အမေရိကန်အား ထိုင်ဝမ်အပေါ် လက်နက်မရောင်းချရန် တောက်လျှောက်ဆိုသလို တောင်းဆိုလျက်ရှိပြီး အမေရိကန် လက်နက်ကုမ္ပဏီများအပေါ်တွင်လည်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။

ဗီဒီယိုများ