ရုရှားနိုင်ငံခြားရေးဝန်ကြီးအား အာဆီယံအစည်းအဝေးများသို့ ကမ္ဘောဒီးယား ဖိတ်ကြား

အာဆီယံလက်ရှိဥက္ကဌ ကမ္ဘောဒီးယားသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးအား အာဆီယံဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးများသို့ ဖိတ်ကြားလိုက်ကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

07 Jul 2022

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာဗရော့။ (ဓာတ်ပုံ - AFP)

DMG ၊ ဇူလိုင် ၈

အာဆီယံလက်ရှိဥက္ကဌ ကမ္ဘောဒီးယားသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးအား အာဆီယံဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးများသို့ ဖိတ်ကြားလိုက်ကြောင်း ကျိုဒိုသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေသည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက မတူသောသဘောထား အမြင်ထားဖြင့် တုံ့ပြန်မှုများ ရှိနေချိန်၌ ကမ္ဘောဒီးယားက သြဂုတ်လအစောပိုင်းတွင် ကျင်းပရန်လျာထားသည့် အာဆီယံအစည်းအဝေးများသို့ ဖိတ်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာဗရော့အား အာဆီယံဒေသတွင်းဖိုရမ်နှင့် အခြား ဆက်စပ်အစည်းအဝေးများသို့ ဖိတ်ခေါ်ခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်က ဇူလိုင်လ ၆ ရက်နေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ပရက်ဆော့ခွန်သည် မကြာသေးမီကမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းယူထားသည့် မြန်မာစစ်တပ် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ယခုနှစ်အာဆီယံဥက္ကဌဖြစ်သော ကမ္ဘောဒီးယားသည် မြန်မာကိုလည်း အာဆီယံအစည်းအဝေးများသို့  ဖိတ်ကြားထားသည်။ သို့သော်လည်း စစ်တပ်ခေါင်းဆောင်ပိုင်းက တက်ခွင့်မရဘဲ မြန်မာမှ နိုင်ငံရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်တစ်ဦးသာ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ လေးရက်ကြာ ကျင်းပမည့် အာဆီယံ လုံခြုံရေးမူဘောင်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြောက်ကိုရီးယားနှင့် တရုတ်တို့လည်း ပါဝင်တက်ရောက်မည် ဖြစ်သည်။

သို့သော်လည်း ယခုဖိတ်ကြားချက်နှင့် ပတ်သက်ပြီး ရုရှားဘက်က တရားဝင် အတည်ပြု အကြောင်းပြန်ခြင်း မရှိသေးကြောင်း ပရက်ဆော့ခွန်က ပြောသည်။

ဗီဒီယိုများ