- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အကြီးအကျယ် နောင်တရကြောင်း အင်ဒိုနီးရှားသမ္မတပြော
၁၉၆၅ နှင့် ၁၉၆၆ ခုနှစ်များအတွင်း နိုင်ငံတွင်းဖြစ်ပျက်ခဲ့သည့် သွေးစွန်းမှုများနှင့် ဖမ်းဆီးမှုများအတွက် မိမိအနေဖြင့် အကြီးအကျယ် စိတ်မကောင်းဖြစ်ရကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
11 Jan 2023
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို။ ဓာတ်ပုံ - Reuters
၁၉၆၅ နှင့် ၁၉၆၆ ခုနှစ်များအတွင်း နိုင်ငံတွင်းဖြစ်ပျက်ခဲ့သည့် သွေးစွန်းမှုများနှင့် ဖမ်းဆီးမှုများအတွက် မိမိအနေဖြင့် အကြီးအကျယ် စိတ်မကောင်းဖြစ်ရကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံသမိုင်းတွင် အမှောင်မိုက်ဆုံး အချိန်များအနက် တစ်ခုဖြစ်သည့် အဆိုပါကာလသည် ၁၉၆၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးဆူဟာတို အာဏာသိမ်းချိန်၌ စတင်ခဲ့သည်။ အဆိုပါကာလအတွင်း လူပေါင်း အနည်းဆုံး ၅ သိန်းခန့် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရပြီး လူပေါင်းတစ်သန်းထက်မနည်းသည် ကွန်မြူနစ်သံသယဖြင့် အကျဉ်းချခံခဲ့ရသည်ဟု သမိုင်းပညာရှင်များနှင့် လှုပ်ရှားတက်ကြွသူများက ခန့်မှန်းကြသည်။
“ဖြစ်စဉ်အများအပြားမှာ လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ခံရမှုတွေ ရှိခဲ့တယ်ဆိုတာကို နိုင်ငံရဲ့ အကြီးအကဲတစ်ဦးအနေနဲ့ ရှင်းလင်းပြတ်သားတဲ့ စိတ်ရင်းအမှန်နဲ့ ကျွန်တော် လက်ခံပါတယ်။ ဒီလိုမျိုး ချိုးဖောက်မှုတွေအတွက်လည်း ကျွန်တော် အကြီးအကျယ် နောင်တရမိပါတယ်” ဟု သမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားသည်။
သမ္မတဂျိုကိုဝီဒိုဒို နိုင်ငံခေါင်းဆောင်ရာထူးကို မဆက်ခံမီကာလ ၁၉၆၅ နှင့် ၂၀၀၃ ကြားတွင် ဖြစ်ပျက်ခဲ့သည့် အခြားသော ဖြစ်ရပ် ၁၁ ခုကိုလည်း ထည့်သွင်းပြောကြားသွားသည်။ အဆိုပါဖြစ်ရပ်များတွင် ဆူဟာတို၏ ဆယ်စုနှစ်သုံးခုကြာခဲ့သည့် အုပ်ချုပ်ရေးကို ၁၉၉၀ အလွန်ကာလများတွင် ဆန္ဒပြကန့်ကွက်ခဲ့သည့် ကျောင်းသားများအား ပစ်သတ်မှုများကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
အစိုးရအနေဖြင့် ကျူးလွန်ခံခဲ့ရသူများ၏ အခွင့်အရေးများအတွက် မျှတညီညွတ်စွာ ဆောင်ရွက်ပေးသွားမည်ဟု သမ္မတ ဂျိုကိုဝီက ဆိုသည်။ သို့သော်လည်း မည်ကဲ့သို့ လုပ်ဆောင်မှုဆိုသည်ကိုမူ ထည့်သွင်းပြောကြားသွားခြင်း မရှိပေ။
ဂျိုကိုဝီ၏ ရှေ့တွင် အခြားသမ္မတများသည်လည်း ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ရှိခဲ့မှုကို ဝန်ခံခဲ့ကြပြီးဖြစ်သည်။ သမ္မတဟောင်း အဗ္ဗဒူရာမန်ဝါဟစ်သည် ၁၉၆၅ ခုနှစ် သွေးစွန်းမှုများအတွက် တောင်းပန်ခဲ့သည်။ သမ္မတဟောင်း ဘီဂျေဟာဘီဘီသည်လည်း အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့ကို ၁၉၉၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
သမ္မတ၏ ပြောကြားချက်နှင့် ပတ်သက်၍ တက်ကြွလှုပ်ရှားသူအချို့က မေးခွန်းထုတ်ကြဆဲဖြစ်သည်။ ဖြစ်ရပ်များကို ချပြပြီး တရားရုံးတွင် ရင်ဆိုင်ကာ ကျူးလွန်သူများကို ပြစ်ဒဏ်ပေးခြင်းမျိုး မလုပ်ဘဲ နောင်တရပြနေရုံနှင့် မလုံလောက်ကြောင်း ၎င်းတို့က ဆိုသည်။