- ရခိုင် ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀ ကျော်ကို AA ဖမ်းဆီးထား
- ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၇၀ ရာခိုင်နှုန်းကျော်တွင် စစ်ရေးပဋိပက္ခရှိနေ၍ လူထုအန္တရာယ် များနိုင်
- ပူတင်နှင့် ကင်ဂျုံအန်း တရုတ်စစ်ရေးပြပွဲ တက်မည်
- ဖားကန့်ဒေသခံများကို စစ်ကောင်စီ ပေါ်တာဆွဲနေ
- မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
ဖားကန့်ဒေသခံများကို စစ်ကောင်စီ ပေါ်တာဆွဲနေ
စစ်ကောင်စီနှင့် KIA တို့ စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်နှင့် မြို့အနီးနေထိုင်သူ ဒေသခံများကို စစ်ကောင်စီက အတင်းအဓမ္မ ပေါ်တာဆွဲယူနေကြောင်း သိရသည်။
28 Aug 2025

DMG ၊ ဩဂုတ် ၂၈
စစ်ကောင်စီနှင့် KIA တို့ စစ်ရေးတင်းမာနေသည့် ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်နှင့် မြို့အနီးနေထိုင်သူ ဒေသခံများကို စစ်ကောင်စီက အတင်းအဓမ္မ ပေါ်တာဆွဲယူနေကြောင်း သိရသည်။
ယမန်နေ့ (ဩဂုတ် ၂၇ ) ညနေ ၄ နာရီအချိန်ခန့်တွင် ဖားကန့် မြို့ထဲရှိ ချမ်းမြေ့တည်းခိုခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်လာပြီး အသက်၂၀ ကျော်နှင့် အသက် ၅၀ အရွယ် အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားသည်။
ယင်းနေ့တစ်ရက်တည်းတွင် ဖားကန့်မြို့အတွင်း နောက်ထပ် အရပ်သား ၁၀ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားပေါ်တင်၍ ပေါ်တာဆွဲခေါ်သွားကြောင်း DMG က စုံစမ်းသိရသည်။
" အမျိုးသား ၁၀ ယောက်လောက်ရှိမယ်၊ သူတို့ (စစ်ကောင်စီ) ကားနဲ့ တင်သွားတယ်။ ပေါ်တာဆွဲတာ မလိုက်လို့ မရဘူး။ တာဝန်ပြီးရင် ပြန်လွှတ်မယ်လို့ မိသားစုဝင်တချို့ကို ပြောခဲ့တယ်လိုတော့ သိရတယ် " ဟု ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ ပေါ်တာဆွဲခံရသူများနှင့် ပတ်သက်၍ အသေးစိတ်သိနိုင်ရန် မိသားစုဝင်များကို DMG က ဆက်သွယ်နေဆဲ ဖြစ်သည်။
ယခုရက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖားကန့်မြို့ပေါ်ကို မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ဒေသခံများကို စစ်ဆေးမေးမြန်းမှု၊ ကင်းပုန်းဝပ်မှုများ ဆက်တိုက်လုပ်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
" အရင်ကတော့ သူတို့ (စစ်ကောင်စီ) မြို့ထဲကို ဝင်တာ သိပ်မရှိဘူး။ အခု နေ့တိုင်းနီးပါး ဝင်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်" ဟု ဖားကန့်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေးလုပ်ငန်းခွင်များတွင် ဒေသခံများအပါဝင် မြန်မာနိုင်ငံအနှံ့က ရွှေ့ပြောင်းလုပ်ကိုင်သူ သိန်းချီနေထိုင်ကြပြီး ၎င်းတို့မှာ လက်ရှိတွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း အန္တယ်ရာယ်အပါအဝင် ပေါ်တာဆွဲခံရမှုများကို စိုးရိမ်နေကြရခြင်းဖြစ်သည်။
အာဏာသိမ်းစစ်တပ်နှင့် KIA/KPDF ပူးပေါင်းတပ်တို့သည် ဖားကန့်မြို့အနီးရှိ ရှရော်ခ၊ ညောင်ပင်ကုန်း၊ အမှိုက်ပုံ၊ မောဝမ်းလေးနှင့် မော်ဝမ်းကြီးရပ်ကွက် အနီးဝန်းကျင်တို့တွင် ပြီးခဲ့သည့် မေလပိုင်းက စ၍ တိုက်ပွဲများရှိနေသည်။
လက်ရှိတွင် ဖားကန့်မြို့နှင့် အနီးတဝိုက်ကို ထိန်းချုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေခြင်းဖြစ်ပြီး အခြား တစ်ဘက်တွင် ၎င်းတို့လက်အောက်ခံ ဖားကန့်မြို့က ဌာနဆိုင်ရာ ဝန်ထမ်းများကို ရွေးကောက်ပွဲအတွက် သင်တန်းတက်ရန် မြစ်ကြီးနားသို့ စေလွှတ်မှုများ ရှိနေသည်။