ရခိုင် ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀ ကျော်ကို AA ဖမ်းဆီးထား

ရခိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ငါးခိုးဖမ်းသည့် ငါးဖမ်းစက်လှေ ၅ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀ ကျော်ကို အာရက္ခတပ်တော် (AA) ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

By Admin 28 Aug 2025

ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ပြန်လွှတ်ပေးခဲ့သည့် မြင်ကွင်း။ ဓာတ်ပုံ- AA Info Desk
ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလက ပြန်လွှတ်ပေးခဲ့သည့် မြင်ကွင်း။ ဓာတ်ပုံ- AA Info Desk

DMG ၊ ဩဂုတ် ၂၈

ရခိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ငါးခိုးဖမ်းသည့် ငါးဖမ်းစက်လှေ ၅ စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀ ကျော်ကို အာရက္ခတပ်တော် (AA) ကမ်းခြေစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စက်လှေများကို ဩဂုတ်လ ၂၆ ရက်က မောင်တောမြို့နယ်၊ ဥဒေါင်းကျေး၊ မြင်းလွှတ်ကျေးရွာ ကျောက်ပန္ဒူကျေးရွာအနီးက ပင်လယ်ပြင်နှင့် ကမ်းစပ်တို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဒေသံများက ဆိုသည်။

ကျောက်ပန္ဒူကျေးရွာသားတစ်ဦးက " ဒီဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်က စက်လှေအကြီး၊ အငယ်တွေနဲ့ ငါးဖမ်းမှုတွေ အချိန်တိုင်း တွေ့ရတယ်။ ညဆိုရင် ပိုပြီး ဒီဖက်ကမ်းနားအထိ ဝင်ဖမ်းတာပါ။ သူတို့က တမင်သက်သက် ဒီ ဖက်ကို ခိုးဝင်ပြီး ငါးဖမ်းကြတာ။ AA က ဖမ်းဆီးတာတွေရှိပေမဲ့ လက်မလုံတော့ ထိန်းမနိုင်ဘူးလေ " ဟု ပြောသည်။

အဆိုပါ နေရာများမှာ နတ်မြစ်ဝနှင့် ဘင်္ဂလားပင်လယ်အော်ထဲတွင် ဖြစ်ပြီး နေ့စဉ် ရာနှင့်ချီသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ရေပိုင်နက်ထဲသို့ ဝင်ရောက်နေကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက်ကျူးကျော်ကာ ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများကြောင့် ပင်လယ်ကို အမှီပြုကာ အသက်မွေးဝမ်းကျောင်းပြုနေရသည့် ရခိုင်ဒေသခံများအတွက် ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်းရန် အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင် မောင်တော၊ ရသေ့တောင်စသည့် မြို့နယ်များမှ ဒေသခံငါးဖမ်းသမားများအား ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများက အုပ်စုဖွဲ့ရန်ပြုမှုများလည်း ရှိခဲ့သဖြင့် ဒေသခံများအနေဖြင့် လုံခြုံရေး စိုးရိမ်မှုများဖြစ်ခဲ့ရကြောင်း ပြောကြသည်။

ရသေ့တောင်ဒေသခံ အမျိုးသားတစ်ဦးက " အရင် နှစ်စပိုင်းလောက်ကလည်း ဒီလိုငါးခိုးဖမ်းတဲ့ ဘင်္ဂလာစက်လှေတွေက ကိုယ့်ဒေသက ငါးဖမ်းသမားတွေကို အုပ်စုလိုက်ရန်လိုတဲ့ အပြုအမူတွေ ရှိခဲ့တယ်။ ဒါကြောင့် ပင်လယ်မှာ သူတို့ငါးဖမ်းစက်လှေတွေ ရှိနေရင် ဒီက ငါးဖမ်းသမားတွေကတော့ တစ်ခုခုလုပ်မှာကို စိုးရိမ်ကြတာတွေ ရှိတယ်" ဟု ပြောသည်။

ရခိုင် ရေပိုင်နက်အတွင်းသို့ တရားမဝင်ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းသည့် မည်သည့်နိုင်ငံသားကို မဆို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသော်လည်း ဘင်္ဂလားဒေ့ရှ် ငါးဖမ်းလှေများမှာ မကြာခဏ ဝင်ရောက်ငါးဖမ်းမှုများ ရှိနေဆဲဖြစ်သည်။

ထို့အတူ အာရက္ခတပ်တော်ကလည်း ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး အဆင်ပြေစေရေးအတွက် ဖမ်းရမိသည့် ငါးဖမ်းသမားများကို မကြာခဏ လွှတ်ပေးလေ့ရှိသည်။

" ဒီခိုးဝင်ငါးဖမ်းပြဿနာကို ဖြေရှင်းဖို့ဆိုရင် AA မှာလည်း အာဏာပိုင်တွေ သေချာဆွေးနွေးရမယ်။ စည်းကမ်းချက်တွေကို လိုက်နာဖို့ လိုမယ်။ နောက်တစ်ချက်က AA အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကို အပြုသဘောဆောင်ပြီး ဆက်ဆံနေရတာကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ရဲတင်းနေတာလို့ ပြောရမယ်။ အခုကတော့ ဘင်္ဂလားဒေ့ရှ်နဲ့ AA ဟာ နှစ်ဦးနှစ်ဘက်အတွက် နားလည်မှုနဲ့ ဆက်ဆံရေး တည်ဆောက်နေတာကို မြင်ရတယ် " ဟု မောင်တောဒေခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်ကလည်း ဘင်္ဂလားပင်လယ်အော်၊ နတ်မြစ်ဝတွင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေ ၄ စီးကို အာရက္ခတပ်တော်က ဖမ်းဆီးခဲ့သည်။

သို့သော်လည်း ဖမ်းဆီးရမိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အာရက္ခတပ်တော်က ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံ မကြာခဏ လွှဲပြောင်းပေးမှုများလည်း ရှိနေသည်။