- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဆီးရီးယားတွင် အစိုးရတပ်များနှင့် အာဆတ်သစ္စာခံများအကြား ဖြစ်ပွားသော တိုက်ပွဲများအတွင်း လူ ၂၀၀ ကျော် သေဆုံး
ဆီးရီးယားအစိုးရသစ်နှင့် လက်တွဲထားသော တိုက်ခိုက်ရေးသမားများသည် နိုင်ငံ၏ ကမ်းရိုးတန်းအနီးရှိ ကျေးရွာအများအပြားကို ဝင်ရောက်စီးနင်းပြီး လူဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရေးစောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Mar 2025

ဆီးရီးယားအစိုးရသစ်နှင့် လက်တွဲထားသော တိုက်ခိုက်ရေးသမားများသည် နိုင်ငံ၏ ကမ်းရိုးတန်းအနီးရှိ ကျေးရွာအများအပြားကို ဝင်ရောက်စီးနင်းပြီး လူဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ကြောင်း စစ်ရေးစောင့်ကြည့်သည့် အဖွဲ့တစ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖြုတ်ချခံရသော သမ္မတ ဘာရှားအာဆတ်ကို သစ္စာခံသူများက အစိုးရလုံခြုံရေးတပ်ဖွဲ့များကို မကြာသေးမီက တိုက်ခိုက်ခြင်းအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဟု အဆိုပါအဖွဲ့က ပြောကြားသည်။
ကျေးရွာများအတွင်း ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုဖြစ်စဉ်များသည် ကြာသပတေးနေ့၌ စတင်ဖြစ်ပွားခဲ့ပြီး သောကြာနေ့တွင်လည်း ဆက်လက် ဖြစ်ပွားခဲ့သည်။
နှစ်ဖက်အကြားတွင် ဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့ဆုံမှုများသည် ဒီဇင်ဘာအစောပိုင်း၌ အာဆတ်အစိုးရကို ဖြုတ်ချလိုက်ပြီးသည့် နောက်ပိုင်းတွင် အဆိုးရွားဆုံးသော အကြမ်းဖက်မှုအသွင်ဖြစ်ခဲ့ကြောင်း အစ္စလာမ္မစ်အုပ်စု ဟာယတ် တာဟ်ရီရာ အယ်လ်-ရှမ်း ဦးဆောင်သော လက်နက်ကိုင်အုပ်စုများက ဆိုသည်။
အစိုးရသစ်သည် ၁၄ နှစ်ကြာဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အပြီးတွင် ဆီးရီးယားကို ပေါင်းစည်းရန် ကတိပြုထားသည်။ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က တိုက်ပွဲများ ဖြစ်ပွားပြီးကတည်းက လူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။
ကျေးရွာများတွင်ဖြစ်ပွားခဲ့သော လက်စားချေတိုက်ခိုက်မှုများအတွင်း သေဆုံးသူ ၁၄၀ ဝန်းကျင်ရှိခဲ့ပြီး သေဆုံးသူများအနက်တွင် ဆီးရီးယားအစိုးရတပ်ဖွဲ့ဝင် အနည်းဆုံး ၅၀ ဦးနှင့် အာဆတ်ကို သစ္စာခံသည့် တိုက်ခိုက်ရေးသမား ၄၅ ဦး ပါဝင်ခဲ့သည်။
၂၀၁၁ ခုနှစ် မတ်လကတည်းက ဆီးရီးယားနိုင်ငံတွင် ပြင်းထန်သော ပြည်တွင်းစစ်ကြောင့် လူပေါင်း သန်းဝက်ကျော် သေဆုံးပြီး သန်းပေါင်းများစွာမှာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
ကြာသပတေးနေ့က ကမ်းရိုးတန်းမြို့ ဂျာဘလားဟ် အနီးတွင် အလိုရှိသူတစ်ဦးကို အစိုးရတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းရန် ကြိုးပမ်းခဲ့စဉ်အခိုက်၌ အာဆတ်သစ္စာခံများက ချုံခိုတိုက်ခိုက်လိုက်ပြီး ယင်းဖြစ်စဉ်ကတဆင့် မကြာသေးမီကဖြစ်ပွားခဲ့သော ထိပ်တိုက်တွေ့မှုများ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုသည်။