နိုင်ငံတစ်ဝန်း ကြမ်းပိုးတွေ့သည့်သတင်းများကို ပြင်သစ်အစိုးရ အရေးတယူဖြေရှင်းနေရ

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံတစ်ဝန်းရှိ ရထား၊ ရုပ်ရှင်ရုံ၊ စာသင်ကျောင်းများတွင် ကြမ်းပိုးတွေ့သည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

By Admin 05 Oct 2023

ဓာတ်ပုံ - AFP
ဓာတ်ပုံ - AFP

ပြင်သစ်နိုင်ငံတွင် နေရာအနှံ့ ကြမ်းပိုးတွေ့ရသည့် သတင်းများကြောင့် ပြည်သူအများ စိတ်ပူပန်မှု ဖြစ်နေကြခြင်းနှင့် ပတ်သက်ပြီး ထိုသတင်းများအတိုင်း အမှန်တကယ် တွေ့ရှိရသည်ဆိုသည့် သက်သေ အထောက်အထား မတွေ့ရကြောင်း အစိုးရက အောက်တိုဘာလ ၄ ရက်နေ့က ပြောကြားလိုက်သည်။ 

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နိုင်ငံတစ်ဝန်းရှိ ရထား၊ ရုပ်ရှင်ရုံ၊ စာသင်ကျောင်းများတွင် ကြမ်းပိုးတွေ့သည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်နိုင်ငံသည် ရက်ဂ်ဘီ ကမ္ဘာ့ဖလားပွဲ ကျင်းပနေသလို နောက်နှစ်တွင်ကျင်းပမည့် ပြင်သစ်အိုလံပစ် ပြိုင်ပွဲသို့ ကမ္ဘာတစ်ဝန်းမှ ရောက်လာကြမည့် လူသန်းပေါင်းများစွာကို ကြိုဆိုရေးအတွက်လည်း ပြင်ဆင်လျက်ရှိသဖြင့် ယခုကဲ့သို့ ကြမ်းပိုးတွေ့သည့် သတင်းကြောင့် အခက်ကြုံစရာ ဖြစ်နေရသည်။

ကြမ်းပိုးသတင်းကို သတင်းစာများတွင်လည်း မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြနေကြသလို ရုပ်သံဖျော်ဖြေရေး အစီအစဉ်များတွင်လည်း ဟာသအဖြစ် ပြောကြားမှုများ ရှိနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

ပြင်သစ်ပြည် အရှေ့တောင်ပိုင်းရှိ စာသင်ကျောင်းနှစ်ခုတွင်လည်း ကြမ်းပိုးများ ပျံ့နှံ့နေသဖြင့် စာသင်ကျောင်းကို ရက်ပေါင်းများစွာ ပိတ်ထားခဲ့ရကြောင်း ဒေသအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။

ပြင်သစ်အာဏာပိုင်များကမူ ကြမ်းပိုးများ ပျံ့နှံ့ပေါက်ဖွားနေသည် ဆိုသည့်အချက်နှင့် ပတ်သက်ပြီး တိတိပပ အထောက်အထားများ မရှိသလို ဆိုရှယ်မီဒီယာများပေါ်၌ ဖော်ပြနေကြသည့် ပုံများကို ကြည့်ပြီး ကြမ်းပိုးများ ပိုပွားနေသည်ဟု ကောက်ချက်ချရန်လည်း မဖြစ်နိုင်ကြောင်း တုံ့ပြန်ပြောကြားသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ပြင်သစ် မက်ထရိုရထားကုမ္ပဏီသို့ အသိပေးမှု ၁၀ ခုခန့်ရှိခဲ့ပြီး အားလုံးကို စစ်ဆေးပြီးပြီဟု ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကုမ္ပဏီကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် သယ်ယူပို့ဆောင်ရေးဝန်ကြီး Clement Beaune က သတင်းထောက်များကို ပြောကြားသည်။ 
အမျိုးသားမီးရထားဌာန SNCF သို့လည်း ကြမ်းပိုးတွေ့ကြောင်း အသိပေးချက် ၃၇ ခုအထိ ရှိခဲ့သည်။

“တိုင်းကြားချက်တွေ အားလုံးကို စစ်ဆေးစုံစမ်းပြီး အချက်အလက်တွေ ထုတ်ပြန်ပေးဖို့ လုပ်ငန်းတွေအားလုံးကို ပြောကြားထားပါတယ်။ အချက်အလက်တွေ ပွင့်လင်းမြင်သာမှု ရှိဖို့ အရေးကြီးပါတယ်” ဟုလည်း ဝန်ကြီးကဆိုသည်။

ပြင်သစ်တွင် ၁၉၅၀ ခုနှစ်အလွန် ကာလများတည်းက ကြမ်းပိုးများကို အတွေ့ရနည်းသွားရာမှ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်း လူနေထူထပ်မှု၊ ခရီးအသွားအလာ များပြားမှုတို့ကြောင့် အများအပြား ပြန်လည် မြင်တွေ့လာရသည်။ ပြင်သစ်ရှိ နေအိမ် ဆယ်လုံးလျှင် တစ်လုံး၌ ကြမ်းပိုးများ ခိုအောင်းမှု ရှိသည်ဟု ယူဆရပြီး ကြမ်းပိုးရှင်းလင်းရန် ယူရိုငွေ ရာပေါင်းများစွာ အသုံးပြုရလေ့ရှိသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ