- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းဆရာအတွက် ပြင်သစ်စာသင်ကျောင်းများ ဂါရဝပြုမည်
ပြင်သစ်နိုင်ငံတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ဓားထိုးခံရပြီး သေဆုံးသွားသူ ကျောင်းဆရာကို ဂုဏ်ပြုသောအားဖြင့် ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၌ တစ်မိနစ် ငြိမ်သက်ပြီး ဂုဏ်ပြုမည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Oct 2023

DMG ၊ အောက်တိုဘာ ၁၆
ပြင်သစ်နိုင်ငံတွင် အောက်တိုဘာလ ၁၃ ရက်နေ့က ဓားထိုးခံရပြီး သေဆုံးသွားသူ ကျောင်းဆရာကို ဂုဏ်ပြုသောအားဖြင့် ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၌ တစ်မိနစ် ငြိမ်သက်ပြီး ဂုဏ်ပြုမည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ပြင်သစ်စံတော်ချိန် နေ့လယ် ၂ နာရီတွင် ယခုကဲ့သို့ ဂုဏ်ပြုရန် စီစဉ်ထားခြင်း ဖြစ်သည်။
နိုင်ငံအရှေ့ပိုင်း အာရက်မြို့တွင် သေဆုံးခဲ့ရသည့် အသက် ၅၇ နှစ်အရွယ် ကျောင်းဆရာ ဒိုမိနစ်ဘားနဒ်ကို ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါမြို့၌ ယမန်နေ့က လူထောင်ပေါင်းများစွာ စုဝေးခဲ့ကြသည်။
သောကြာနေ့က ဒိုမိနစ်ဘားနဒ် အသတ်ခံခဲ့ရခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် အလန့်တကြားဖြစ်ခဲ့ရပြီး စာသင်ကျောင်းများတွင်လည်း လုံခြုံရေး တင်းကျပ်ခဲ့သည်။ အစိုးရသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထူးသတိပေးချက် ထုတ်ပြန်ခဲ့သလို တပ်ဖွဲ့ဝင် ၇၀၀၀ ကိုလည်း လုံခြုံရေးအတွက် ဖြန့်ကြက်ခဲ့ရသည်။
တိုက်ခိုက်မှုဖြစ်ပွားရာ အာရက်မြို့သည် ဂျူးနှင့် မွတ်ဆလင် ဘာသာဝင်များ အများအပြားနေထိုင်သည့် မြို့ဖြစ်ပြီး လက်ရှိ အရှေ့အလယ်ပိုင်း ပဋိပက္ခ နောက်ခံနှင့်အတူ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူသည် အသက် ၂၀ အရွယ် မိုဟာမက်မိုဂုရှကော့ဖြစ်ပြီး ရုရှားတောင်ပိုင်းရှိ မွတ်ဆလင်အသိုင်းအဝိုင်းတွင် မွေးဖွားခဲ့သူ လူငယ်တစ်ဦး ဖြစ်သည်။ သူ့ကို ယခုကျောင်းဆရာအား သတ်ဖြတ်မှုနှင့် နောက်ထပ်သုံးဦးကိုပါ အကြီးအကျယ် ဒဏ်ရာရစေမှုဖြင့် ဖမ်းဆီးထားသည်။
ကျူးလွန်ရသည့် အကြောင်းအရင်း တစ်စုံတစ်ရာကို သူ့ဘက်က ဖြေကြားခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။