ကမ္ဘာကျော်မိုနာလီဆာပန်းချီကား ကိတ်မုန့်ဖြင့် ပစ်ပေါက်ခံရ

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လူဗာပြတိုက်တွင် ပြသထားသည့် ကမ္ဘာကျော်မိုနာလီဆာ ပန်းချီကားအား အမျိုးသားတစ်ဦးက ကိတ်မုန့်ဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

02 Jun 2022

ဓာတ်ပုံ - Twitter

DMG ၊ ဇွန် ၂

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ လူဗာပြတိုက်တွင် ပြသထားသည့် ကမ္ဘာကျော်မိုနာလီဆာ ပန်းချီကားအား အမျိုးသားတစ်ဦးက ကိတ်မုန့်ဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အသက် ၃၆ နှစ်အရွယ် အမျိုးသားသည် တနင်္ဂနွေနေ့က ယခုကဲ့သို့ ကျူးလွန်ခဲ့ခြင်းဖြစ်ကာ သူ့ကို ယခုအခါ စိတ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွင် ထိန်းသိမ်းထားကြောင်း အစိုးရရှေ့နေများက တနင်္လာနေ့တွင် ပြောကြားသည်။

ကမ္ဘာကြီးအပေါ် အနုပညာရှင်များ လုံလောက်သောဂရုစိုက်မှု မရှိခြင်းကို ဆန္ဒဖော်ထုတ်သည့်အနေဖြင့် ယခုကဲ့သို့ ပြုမူခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းတွင် ဖော်ပြချက်အရသိရသည်။

သို့သော်လည်း မိုနာလီဆာပန်းချီကားအား ကျည်ကာမှန်ဖြင့် ဘောင်သွင်းထားခြင်းဖြစ်သဖြင့် ကိတ်မုန့်များသည် ကာဘာမှန်သားပြင်ပေါ်၌သာ ပေကျံခဲ့ခြင်း ဖြစ်သည်။

တွစ်တာပေါ်၌ ဖော်ပြထားသော ဗီဒီယိုဖိုင်တစ်ခုတွင် ပြတိုက်ဝန်ထမ်းတစ်ဦးသည် မှန်ဘောင်ပေါ်တွင် ပေကျံနေသည်များကို သန့်ရှင်းနေပြီး နောက်တစ်ဦးမှာ အဖြူရောင်အဝတ်အစားများနှင့်လူတစ်ဦးအား လုံခြုံရေးဝန်ထမ်းများနှင့်အတူ ဆွဲခေါ်သွားသည်ကို တွေ့ရသည်။

အဆိုပါအမျိုးသားသည် “ကမ္ဘာကြီးကို ဖျက်ဆီးနေသူတွေရှိတယ်။ အနုပညာရှင်တွေအားလုံးပဲ ကမ္ဘာကြီးအကြောင်းကို စဉ်းစားဆင်ခြင်ကြပါ။ ဒါကြောင့်ပဲ ကျွန်တော် ခုလိုလုပ်လိုက်တာ” ဟု ပြင်သစ်လို ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

၁၉၅၆ ခုနှစ် ဒီဇင်ဘာလတွင် မိုနာလီဆာပန်းချီကားအား ဘိုလီဗီးယားနိုင်ငံသားတစ်ဦးက ခဲဖြင့်ပစ်ပေါက်ခဲ့သဖြင့် ဘယ်ဘက်တံတောင်နားတစ်ဝိုက်တွင် ပျက်စီးခဲ့ချိန်မှစ၍ ၎င်းပန်းချီကားကို မှန်ဖြင့်ကာရန်ထားခြင်း ဖြစ်သည်။

ဗီဒီယိုများ