လောင်စာဆီပြတ်လပ်မှုကြောင့် ပြင်သစ်တွင် ပြည်သူထောင်ပေါင်းများစွာ ဆန္ဒထုတ်ဖော်

နိုင်ငံတစ်ဝန်းတွင် အလုပ်သမားများ သပိတ်မှောက်မှုသည် သီတင်းသုံးပတ်ခန့်အထိ ကြာမြင့်လာပြီဖြစ်ကာ နိုင်ငံ၏ စီးပွားရေးလုပ်ငန်း နယ်ပယ်အားလုံးအပေါ် အကြီးအကျယ် ရိုက်ခတ်လျက်ရှိသည်။

By Admin 19 Oct 2022

လောင်စာဆီပြတ်လပ်မှုကြောင့် ပြင်သစ်တွင် ပြည်သူထောင်ပေါင်းများစွာ ဆန္ဒထုတ်ဖော်

ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၁၉

ပြင်သစ်နိုင်ငံတစ်ဝန်းတွင် လောင်စာဆီ ပြတ်လပ်မှုကြောင့် ပြည်သူထောင်ပေါင်းများစွာသည် အောက်တိုဘာလ ၁၈ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အလုပ်သမားသမဂ္ဂများက လစာတိုးပေးရန် တောင်းဆိုကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒထုတ်ဖော်နေကြသည့်အတွက် ခရီးသွားလာသူများသည်လည်း အခက်အခဲများ ကြုံခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် အလုပ်သမားများ သပိတ်မှောက်မှုသည် သီတင်းသုံးပတ်ခန့်အထိ ကြာမြင့်လာပြီဖြစ်ကာ နိုင်ငံ၏ စီးပွားရေးလုပ်ငန်း နယ်ပယ်အားလုံးအပေါ် အကြီးအကျယ် ရိုက်ခတ်လျက်ရှိသည်။

ပြင်သစ်စွမ်းအင်ကုမ္ပဏီကြီး Total ပိုင် ရေနံစက်ရုံအများအပြားမှ အလုပ်သမားများက ဆက်လက်သပိတ်မှောက်ရန် မဲပေးဆုံးဖြတ်ခဲ့ပြီးနောက်တွင် အင်္ဂါနေ့၌ ပိုမိုကြီးမားသော ဆန္ဒထုတ်ဖော်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဆုံးဖြတ်ချက်ကြောင့် ပြင်သစ်နိုင်ငံတစ်ဝန်း၊ အထူးသဖြင့် နိုင်ငံမြောက်ပိုင်း၊ အလယ်ပိုင်းနှင့် ပါရီမြို့တော်တစ်ဝိုက်တွင် လောင်စာဆီဖြန့်ဖြူးရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

လတ်တလော၌ တစ်နိုင်ငံလုံးရှိ ဆီဆိုင်များ၏ လေးပုံတစ်ပုံတွင် လောင်စာဆီပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း ဝန်ကြီးချုပ် အဲလစ်ဇဘက်ဘွန်းက ပြောကြားသည်။

သမ္မတမက်ခရွန်အစိုးရသည် ဆန္ဒပြအလုပ်သမားအချို့ကို ချောဆွဲကာ စက်ရုံအချို့၌ လုပ်ငန်းလည်ပတ်ရန် အသုံးပြုနေပြီး အဆိုပါလုပ်ရပ်က အလုပ်သမားသမဂ္ဂများကို ဒေါသထွက်စေလျက်ရှိသည်။

“အခုက ငွေကြေးဖောင်းပွမှုနဲ့ ကျွန်မတို့လစာတွေကိစ္စပေါ့။ ကျွန်မ တကယ်ပဲစိုးရိမ်မိပါတယ်။ ကျွန်မတော့ လက်လျှော့မှာမဟုတ်ဘူး”ဟု အသက် ၃၂ နှစ်အရွယ် နည်းပညာရှင် ဟာနီယာအာဘီဒီက ဆိုသည်။ သူမသည် နိုင်ငံမြောက်ပိုင်း ဂရာဗာလီနက် နျူကလီးယားစက်ရုံမှ ဝန်ထမ်းတစ်ဦးဖြစ်သည်။

ပြင်သစ်လောင်စာဆီလုပ်ငန်း သမဂ္ဂအပြင် အခြားသော အလုပ်သမား အသင်းအဖွဲ့များနှင့် ပြည်သူ့ဝန်ထမ်းများသည်လည်း စွမ်းအင်စရိတ် မြင့်တက်လာခြင်းနှင့် ငွေဖောင်းပွမှု မြင့်တက်လာခြင်းတို့အပေါ် ဆန္ဒထုတ်ဖော်မည်ဟု ကြေညာထားသည်။

ဗီဒီယိုများ