ယူကရိန်းကိုပေးလိုက်သည့် လက်နက်ကြီးများနေရာတွင် ဂျာမနီက ဟောင်ဝစ်ဇာအမြောက်ကြီးများ ဝယ်ယူအစားထိုးမည်

ဂျာမနီသည် ယူကရိန်းသို့ ပေးအပ်လိုက်သော လက်နက်ကြီးများအစား ပြန်လည်ဖြည့်တင်းရန်အတွက် ဟောင်ဝစ်ဇာအမြောက်ကြီး ၂၈ လုံးအထိ ဝယ်ယူရန် စီစဉ်နေသည်။

By Admin 28 Mar 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

ဂျာမနီသည် ယူကရိန်းသို့ ပေးအပ်လိုက်သော လက်နက်ကြီးများအစား ပြန်လည်ဖြည့်တင်းရန်အတွက် ဟောင်ဝစ်ဇာအမြောက်ကြီး ၂၈ လုံးအထိ ဝယ်ယူရန် စီစဉ်နေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ဂျာမန်လွှတ်တော်၏ ဘဏ္ဍာရေးကော်မီတီက ဟောင်ဝစ်ဇာဝယ်ယူရေး အစီအစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချမှတ်မည်ဟု သိထားရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ဘာလင်သည် ကီယက်ကို ဟောင်ဝစ်ဇာ ၁၄ လုံးအထိ ကူညီပေးအပ်ထားပြီး အစားထိုးဝယ်ယူမှုကို နွေရာသီမှသာ လွှတ်တော်သို့ တင်ပြတောင်းဆိုရန် စီစဉ်ထားသည်။ သို့သော်လည်း ဂျာမနီစစ်တပ်အတွက် လက်နက်များ အစားထိုးဖြည့်တင်းမှုသည် အလွန်အမင်းနှေးကွေးနေသည် ဆိုသည့် ဝေဖန်ချက်များ ထွက်ပေါ်လာပြီးနောက်တွင် ကာကွယ်ရေးဝန်ကြီး ဘိုးရစ်ပစ်စတောရီးယပ်က ယခုကဲ့သို့ ဦးစားပေးလုပ်ဆောင်လာခြင်း ဖြစ်သည်။

ရိုက်တာက မြင်တွေ့ခဲ့ရသည့် ဘဏ္ဍာရေးမူကြမ်း၌ ကာကွယ်ရေးဝန်ကြီးသည် ဟောင်ဝစ်ဇာအမြောက် အနည်းဆုံး ၁၀ လုံးခန့်ကို ပေါင်သန်း ၁၈၀ အကုန်ကျခံပြီး ဂျာမန်လက်နက်ကုမ္ပဏီ ကရော့မာဖေးဗက်မန်း (KMW) ထံမှဝယ်ယူရန် စီစဉ်ထားကာ နောက်ထပ် ၁၈ လုံး ဝယ်ယူရန်အတွက်လည်း ခွင့်ပြုချက် တောင်းခံထားသည်ကို တွေ့ရသည်။

အတိတ်တွင် အသုံးပြုခဲ့ကြသည့် လက်နက်များအဖြစ် စစ်ရေးကျွမ်းကျင်သူများက သတ်မှတ်ထားကြသည့် ဟောင်ဝစ်ဇာကဲ့သို့သော အမြောက်ကြီးများသည် ရုရှားတို့ကို တွန်းလှန်နေသည့် ယူကရိန်းတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။

Panzerhaubitze 2000 ကဲ့သို့သော အမြောက်ကြီးများသည် ဂျာမနီစစ်တပ်၏ အင်အားကြီးလက်နက်များအနက် တစ်ခုဖြစ်သည်။ ဤအမြောက်သည် ပုံမှန် အမြောက်ကျည်ဖြင့် ဆိုလျှင် ကီလိုမီတာ ၃၀ အကွာရှိ ပစ်မှတ်များကို ထိမှန်အောင် ပစ်ခတ်နိုင်ပြီး အဆင့်မြှင့်ထားသည့် အထူးကျည်ဖြင့် ဆိုပါက ကီလိုမီတာ ၁၀၀ အကွာအဝေးထိ ပစ်ခတ်နိုင်စွမ်း ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ