ဂျပန်နိုင်ငံအနောက်ပိုင်း ကျူရှုကျွန်းတွင် မီးတောင်ပေါက်ကွဲ

ဂျပန်နိုင်ငံအနောက်ဘက်ရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သည့် ကျူရှုကျွန်းရှိ မီးတောင်တစ်လုံး ဇူလိုင်လ ၂၄ ရက်နေ့ညပိုင်းတွင် ပေါက်ကွဲခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သို့သော်လည်း ထိခိုက်ပျက်စီးမှု သို့မဟုတ် ဒဏ်ရာများရရှိမှုများ မရှိခဲ့ကြောင်းနှင့် ပေါက်ကွဲမှုအကြီးစားဖြစ်မည်ဟု မမျှော်လင့်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

26 Jul 2022

ဂျပန်နိုင်ငံအနောက်ပိုင်း၊ ကူမာမိုတိုစီရင်စု၊ တာရူမီဇူရှိ ဆာကူရာဂျီမာမီးတောင်ပေါက်ကွဲမှုတစ်ခုကို ဂျပန်မိုးလေဝသအေဂျင်စီမှ တိုက်ရိုက်ရိုက်ကူးထားသည့်ဗီဒီယိုတွင် ၂၀၂၂ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇူလိုင် ၂၆

ဂျပန်နိုင်ငံအနောက်ဘက်ရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သည့် ကျူရှုကျွန်းရှိ မီးတောင်တစ်လုံး ဇူလိုင်လ ၂၄ ရက်နေ့ညပိုင်းတွင် ပေါက်ကွဲခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သို့သော်လည်း ထိခိုက်ပျက်စီးမှု သို့မဟုတ် ဒဏ်ရာများရရှိမှုများ မရှိခဲ့ကြောင်းနှင့် ပေါက်ကွဲမှုအကြီးစားဖြစ်မည်ဟု မမျှော်လင့်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကာဂိုရှီးမားမြို့အနီး ကျူရှုမြောက်ဖျားတွင်တည်ရှိသည့် ဆာကူရာဂျီမာအမည်ရှိ အဆိုပါမီးတောင်သည် ဒေသစံတော်ချိန် ည ၈းဝ၅ နာရီတွင် ပေါက်ကွဲခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ကပြောကြားသည်။

မီးတောင်ချော်ရည်ခဲများသည် ၂.၅ ကီလိုမီတာအကွာထိ ကျဆင်းလာကြောင်း မိုးလေဝသအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မီးတောင်ပေါက်ကွဲမှု သတိပေးချက်ကို အမြင့်ဆုံး ပြင်းအားအဆင့် ၅ အထိ သတ်မှတ်ထားပြီး နေရာအချို့တွင် ဘေးကင်းရာ သို့ရွှေ့ပြောင်းရန် အသိပေးချက် ထုတ်ပြန်ထားကြောင်းလည်း ၎င်းကထပ်မံဖြည့်စွက် ပြောကြားခဲ့သည်။ သို့စေကာမူ အစိုးရက ကြီးမားသည့်ပေါက်ကွဲမှု ဖြစ်ပွားမည်ဟု မယူဆခဲ့ကြောင်း သူကပြောသည်။

တနင်္ဂနွေနေ့က ပေါက်ကွဲမှုနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုများ လတ်တလောတွင် သတင်းပေးပို့ ထားခြင်းမရှိကြောင်း အစိုးရအဖွဲ့ ဒုတိယအတွင်းဝန် ယိုရှိဟိကို ဆိုဇာကီက သတင်းစာရှင်း လင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း မီးတောင်ပေါက်ကွဲမှု သတင်းအချက်အလက်များပိုမိုရရှိရန် ကြိုးပမ်းနေသည်ဟု သူကပြောသည်။

အဆိုပါမီးတောင်၏ ၅၀ ကီလိုမီတာအကွာရှိ ဆန်ဒိုင်း နျူကလီးယားစက်ရုံတွင် မည်သည့်ထူးခြားဖြစ်စဉ်မျှ မရှိကြောင်း နျူကလီးယားစွမ်းအင်ထိန်းချုပ်ရေး တာဝန်ရှိသူများက ပြောကြားသည်။

မီးတောင်၏ တစ်ဖက်တွင် အနီရောင်ချော်ရည်များ ပျံ့နှံ့စီးဆင်းနေပြီး အနီရောင် အရာများ အရှိန်အဟုန်ဖြင့် ထိုးထွက်နေသည်ကို မီးတောင်ပေါက်ကွဲမှု ဗီဒီယိုတွင် တွေ့ရသည်။

ဆာကူရာဂျီမာသည် ဂျပန်နိုင်ငံ၏ အသက်ဝင်နေသေးသော မီးတောင်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ပေါက်ကွဲမှုပြင်းအား အဆင့်အမျိုးမျိုးဖြင့် မကြာခဏဆိုသလို ပေါက်ကွဲလေ့ရှိသည်။ ၂၀၁၉ ခုနှစ်အတွင်း ပေါက်ကွဲမှုတစ်ခုတွင်  ၅.၅ ကီလိုမီတာအမြင့်ထိ ပြာမှုန်များမှုတ်ထုတ်ခဲ့သည်။

ဗီဒီယိုများ