နယူးဒေလီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာသဖြင့် ကလေး ၅ သန်းကျော် မျက်နှာဖုံးများ တပ်ဆင်ရမည်

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့တွင် အဆိပ်အတောက်ဖြစ်စေနိုင်သော မီးခိုးမြူများဖုံးလွှမ်းမှု ပိုမိုဆိုးရွားလာသဖြင့် မြို့တော်နေ ကလေး ၅ သန်းကျော်အတွက် အစိုးရက မျက်နှာဖုံးများ ထုတ်ပေးသွားမည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 04 Nov 2019

ဒေပဝါလီပွဲတော်ဆင်နွှဲရာတွင်မီးပန်းများပစ်ဖောက်ရာမှထွက်ပေါ်သော ယမ်းမီးခိုးများကြောင့်လည်း လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလာလေ့ရှိသည်။ Photo Credit - CNN

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့တွင် အဆိပ်အတောက်ဖြစ်စေနိုင်သော မီးခိုးမြူများဖုံးလွှမ်းမှု ပိုမိုဆိုးရွားလာသဖြင့် မြို့တော်နေ ကလေး ၅ သန်းကျော်အတွက် အစိုးရက မျက်နှာဖုံးများ ထုတ်ပေးသွားမည်ဟု သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးမြို့အဖြစ် သတ်မှတ်ခံထားရသော နယူးဒေလီမြို့တွင် ပြီးခဲ့သော သောကြာနေ့က တိုင်းတာမှုအရ လေထုညစ်ညမ်းမှုအဆင့်မှာ အန္တရာယ်ရှိသည့်အဆင့်ထက် များစွာကျော်လွန်နေကြောင်း တွေ့ရှိခဲ့ရသည်။

အကယ်၍ လေထုညစ်ညမ်းမှုသည် ယခုအခြေအနေအတိုင်း နောက်ထပ် ၄၈ နာရီဆက်ရှိနေမည်ဆိုပါက အာဏာပိုင်များအနေဖြင့် ၂၀၁၉ ခုနှစ်အတွက် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ်အစီအမံများ ဆောင်ရွက်ရတော့မည် ဖြစ်သည်ဟု လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဗဟိုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုကဲ့သို့ဆောင်ရွက်သွားမည့် အရေးပေါ်အစီအမံများထဲတွင် ကျောင်းများပိတ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ မြို့တွင်းသို့ ကုန်တင်ထရပ်ကားများ ဝင်ရောက်ခွင့် ပိတ်ပင်ခြင်းနှင့် ကားများကို ကားနံပါတ် စုံဂဏန်း၊ မဂဏန်း ပေါ်မူတည်၍ တစ်ရက်စီ အလှည့်ကျ မောင်းနှင်ခွင့်ပြုခြင်းတို့ ပါဝင်သည်။

လက်ရှိအချိန်တွင်မူ အာဏာပိုင်များသည် လူဦးရေ ၁၈ သန်းကျော်ရှိသော နယူးဒေလီမြို့အတွင်းရှိ ကျောင်းနေအရွယ် ကလေး ၅ သန်းခန့်အား မျက်နှာဖုံးများ စတင်ပေးဝေနေပြီဖြစ်သည်။

ပန်ဂျပ်နှင့် ဟာယနပြည်နယ်တို့တွင် တားမြစ်ပိတ်ပင်ထားသည့်ကြားမှ လယ်သမားများက စိုက်ခင်းများကို မီးရှို့ခဲ့ကြခြင်းကြောင့် နယူးဒေလီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာရခြင်းဖြစ်ကြောင်း ဒေလီဝန်ကြီးချုပ် အာဗင်းခီဂျရီဝယ်လ်က ပြောကြားခဲ့ကာ ပန်ဂျပ်နှင့် ဟာယနပြည်နယ် အစိုးရများကိုလည်း ဝေဖန်ပြောကြားသွားခဲ့သည်။

နယူးဒေလီ၏ လေထုညစ်ညမ်းမှုသည် နှစ်စဉ် ယခုလိုအချိန်မျိုးတွင် ဆိုးရွားလေ့ရှိသည်။ စိုက်ခင်းများမီးရှို့ခြင်းကြောင့်အပြင် လူများက ဒေပဝါလီပွဲတော်ဆင်နွှဲရာတွင် မီးပန်းများ အများအပြား ပစ်ဖောက်ရာမှ ထွက်ပေါ်သော ယမ်းမီးခိုးများကြောင့်လည်း လေထုညစ်ညမ်းမှုမှာ ပိုမိုဆိုးရွားလာတတ်ခြင်းဖြစ်သည်။

ယခုလောက် မီးခိုးမြူများ အခြေအနေမဆိုးလာခင်ကတည်းကပင် မြို့တော်အာဏာပိုင်များက ကားများကို ကားနံပါတ်ဂဏန်း စုံ-မ ပေါ်မူတည်၍ အလှည့်ကျသာ မောင်းနှင်ခွင့်ပြုမည့် အစီအမံကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်အကောင်အထည်ဖော်မည့် ယင်းအစီအမံအရ မိမိ၏ကားနံပါတ် မောင်းနှင်ခွင့်မရှိသည့်နေ့တွင် စည်းကမ်းချိုးဖောက်ပြီး လမ်းပေါ်ထွက်မောင်းနှင်ပါက ဒဏ်ငွေ ရူပီး ၄၀၀၀ (အမေရိကန်ဒေါ်လာ ၅၆) ပေးဆောင်ရမည်ဖြစ်သည်။

သို့ရာတွင် ထိုစည်းကမ်းကို ကားများအားလုံး လိုက်နာရန်မလိုဘဲ ကျောင်းယူနီဖောင်းဝတ် ကလေးများအား ပို့ဆောင်ပေးသောကားများ၊ အမျိုးသမီးခရီးသည်များသာပါဝင်သော ကားများနှင့် ရဲဌာနယာဉ်များမှာမူ ခြွင်းချက်ဖြစ်သည်။

နယူးဒေလီတွင် ကားပေါင်း ၈.၈ သန်းခန့်ရှိပြီး အိန္ဒိယ၏အခြားမည်သည့်မြို့ထက်မဆို ပိုမိုများပြားလျက်ရှိသည်။

ဗီဒီယိုများ