- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
အိန္ဒိယတွင် ၁၅ မိနစ်လျှင် တစ်ကြိမ်နှုန်းဖြင့် မုဒိမ်းမှုဖြစ်ပွားနေ
အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ မုဒိမ်းကျင့်ခံရမှုသည် ၁၅ မိနစ်လျှင် တစ်ကြိမ်နှုန်းဖြင့် ဖြစ်ပွားနေကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်သည့် မှုခင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
20 Oct 2020

အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများ မုဒိမ်းကျင့်ခံရမှုသည် ၁၅ မိနစ်လျှင် တစ်ကြိမ်နှုန်းဖြင့် ဖြစ်ပွားနေကြောင်း အိန္ဒိယအစိုးရက ထုတ်ပြန်သည့် မှုခင်းဆိုင်ရာ အချက်အလက်များအရ သိရသည်။
အမျိုးသား ရာဇဝတ်မှုမှတ်တမ်းဗျူရို (NCRB) သည် ၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ ဖြစ်ပွားခဲ့သည့် မှုခင်းစာရင်းကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ NCRB သည် ပုံမှန်အားဖြင့် မှုခင်းစာရင်းကို ၂ နှစ် တစ်ကြိမ် ထုတ်ပြန်လေ့ရှိသော်လည်း နာရင်ဒြာမိုဒီ အစိုးရလက်ထက်တွင် အလွန်အမင်း နောက်ကျထုတ်ပြန်ခဲ့သလို အချက်အလက်များလည်း ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိပေ။
သို့သော်လည်း ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှာ ထိတ်လန့်ဖွယ်ရာ မြင့်တက်ခဲ့ကြောင်း စာရင်းအချက်အလက်များ အရ သိရသည်။
အိန္ဒိယတွင် ဗဟိုအစိုးရသည် “သမီးငယ်ကို ကယ်တင်ပါ၊ သမီးငယ်ကို အသိပညာပေးပါ” (Beti Bachao Beti Padhao) ဟူသည့်ဆောင်ပုဒ်ဖြင့် နိုင်ငံတစ်ဝန်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
သို့သော်လည်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှာ ၂၀၁၇ ခုနှစ်တွင် အမျိုးသမီးဦးရေ တစ်သိန်းလျှင် ၅၇.၉ ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၈ ခုနှစ်တွင် ၅၈.၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
မီဒီယာများက သတ္တိခဲဟု တင်စားခေါ်ဝေါ်ခဲ့သည့် အမျိုးသမီးငယ် ဂျိုတီဆင်း၏ အမှုဆိုလျှင် ၂၀၁၂ ခုနှစ်တွင် တစ်နိုင်ငံလုံး အလန့်တကြားဖြစ်ခဲ့ကြရသည်။ သူမသည် ပြေးဆွဲနေသော ဘတ်စ်ကားပေါ်၌ အမျိုးသားတစ်၏ အကြိမ်ကြိမ်မုဒိမ်းကျင့်ခြင်းကို ခံခဲ့ရသည်။ သူမအား မုဒိမ်းကျင့်ပြီးနောက် ကားပေါ်မှ ပစ်ချထားခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် နိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သလို မုဒိမ်းမှုဆိုင်ရာ ဥပဒေများတွင်လည်း အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။
ဗဟိုအစိုးရကလည်း အကြမ်းဖက်ခံရသော အမျိုးသမီးများအား ကူညီရန်နှင့် အမျိုးသမီးများ၏ လုံခြုံရေးကို မြှင့်တင်ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၃ ခုနှစ်တွင် အထူးရန်ပုံငွေ ထူထောင်ခဲ့သည်။ သို့သော်လည်း အိန္ဒိယနိုင်ငံတစ်ဝန်း မုဒိမ်းမှုအရေအတွက်မှာ ကျဆင်းလာခြင်း မရှိခဲ့ပေ။
မုဒိမ်းကျင့်ပြီးနောက် လူသတ်မှုနှုန်းသည်လည်း မြင့်တက်လာကြောင်း အစိုးရအချက်အလက်များ အရ သိရသည်။ ကျူးလွန်သူများသည် မုဒိမ်းမှုကြောင့် တစ်သက်တကျွန်း ထောင်ဒဏ်ခံရနိုင်ခြေ များသည်ကို သိကြသဖြင့် ကျူးလွန်ပြီးနောက်တွင် တစ်လက်စတည်း လူကိုပါ သတ်ဖြတ်လိုက်ကြခြင်း ဖြစ်သည်။
အိန္ဒိယတွင် ပြီးခဲ့သော ၁၀ နှစ်တာကာလအတွင် မုဒိမ်းမှုသည် ၄၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။
၂၀၁၀ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုဒိမ်းမှုစုစုပေါင်း ၂ သောင်းကျော်ရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၃ သောင်းကျော်အထိ မြင့်တက်လာခဲ့သည်။