- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
အိန္ဒိယ-ဂျပန် စစ်ဘက်ဆိုင်ရာ အပြန်အလှန် ကူညီထောက်ပံ့မည်
အိန္ဒိယနှင့် ဂျပန်တို့သည် နှစ်နိုင်ငံစစ်တပ်များအကြား အပြန်အလှန် ကူညီထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြကြောင်း Nikkei Asian သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အိန္ဒိယ-ပစိဖိတ် ဒေသအတွင်း တရုတ်၏ ဆရာကြီးလုပ် လွှမ်းမိုးမှုများ မြင့်တက်နေချိန်၌ ယခုသဘောတူညီချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
13 Sep 2020

အိန္ဒိယနှင့် ဂျပန်တို့သည် နှစ်နိုင်ငံစစ်တပ်များအကြား အပြန်အလှန် ကူညီထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြကြောင်း Nikkei Asian သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အိန္ဒိယ-ပစိဖိတ် ဒေသအတွင်း တရုတ်၏ ဆရာကြီးလုပ် လွှမ်းမိုးမှုများ မြင့်တက်နေချိန်၌ ယခုသဘောတူညီချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ကြာသပတေးနေ့တွင် တယ်လီဖုန်းအဆက်အသွယ် ပြုလုပ်ခဲ့ကြပြီးနောက် ယခုသဘောတူညီချက်အား နှစ်နိုင်ငံလုံးက ထုတ်ပြန်ခဲ့ကြသည်။
“ယခုသဘောတူညီချက်မှသည် နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများအား တိုးမြှင့်ကာ အိန္ဒိယ-ပစိဖိတ်ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် တစ်တပ်တစ်အား ဖြစ်စေမည်ကို နှစ်ဘက်လုံးက သဘောထားတိုက်ဆိုင်ကြကြောင်း” အိန္ဒိယ၏ ပြင်ပဆက်ဆံရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
အိန္ဒိယနှင့် ဂျပန် နှစ်နိုင်ငံသည် မိုဒီနှင့် အာဘေးတို့လက်ထက်တွင် ပိုမိုနီးကပ်သော ဆက်ဆံရေး ရှိလာခဲ့သည်။
ဝန်ကြီးချုပ်အာဘေးသည် ကျန်းမာရေးကြောင့် လာမည့်သီတင်းပတ်မှစတင်၍ ရုံးလုပ်ငန်းများမှ အနားယူရန် စီစဉ်လျက်ရှိသည်။
အိန္ဒိယသည် ဇွန်လအစောပိုင်းကလည်း ပုံစံတူသဘောတူညီချက်တစ်ရပ်အား သြစတြေးလျနှင့် ချုပ်ဆိုခဲ့သည်။ အဆိုပါ သဘောတူညီချက်၌ နှစ်နိုင်ငံ၏ စစ်ဘက်အခြေစိုက်စခန်းများအား အပြန်အလှန်အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ပို့ဆောင်ရေး အကူအညီများ ဆောင်ရွက်မည့် အစီအစဉ်တစ်ရပ် ပါဝင်သည်။
သြစတြေးလျ၊ ဂျပန်တို့နှင့် ချုပ်ဆိုခဲ့သည့် အိန္ဒိယ၏ သဘောတူညီချက် နှစ်ခုလုံးကြောင့် အမေရိကန်အပါအဝင် လေးနိုင်ငံအကြား အင်အား ပိုမိုတောင့်တင်း ခိုင်မာလာစေမည့်သဘော ရှိပြီး လေ့လာသူများကလည်း ယခုလုပ်ရပ်အား အိန္ဒိယ-ပစိဖိတ် ဒေသတွင် တရုတ်၏ လွှမ်းမိုးမှုကို ထိန်းချုပ်ရန် အားထုတ်မှုအဖြစ် ရှုမြင်ကြသည်။ အိန္ဒိယသည် ယခုကဲ့သို့ သဘောတူညီချက်များအား အမေရိကန်အပါအဝင် အခြား နိုင်ငံတစ်ချို့နှင့်လည်း ချုပ်ဆိုထားသည်။
အိန္ဒိယနှင့်တရုတ်တို့သည် ဟိမဝန္တာနယ်စပ်အရေးနှင့် ပတ်သက်၍ နှစ်ဘက်ဆက်ဆံရေး တင်းမာလျက်ရှိကာ တနင်္လာနေ့ညက သေနတ်ကို မိုးပေါ်ထောင်ပစ်မှုများ ရှိခဲ့ကြောင်းလည်း နှစ်ဘက်တပ်များ အပြန်အလှန် စွပ်စွဲနေကြသည်။
ယခုကဲ့သို့ ပစ်ခတ်မှုပဋိပက္ခသည် အိန္ဒိယနှင့်တရုတ်အကြား နှစ်ပေါင်း လေးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ ဇွန်လ ၁၅ ရက်အစောပိုင်းက နှစ်ဘက်တပ်ဖွဲ့ ပဋိပက္ခကြောင့် အိန္ဒိယတပ်သား ၂၀ သေဆုံးခဲ့ရပြီး တရုတ်ဘက်က ထိခိုက်ဒဏ်ရာရမှုကို မသိရပေ။