- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အီရန်ကို ၂ နှစ်၊ ၃ နှစ်အတွင်း တိုက်ခိုက်နိုင်ခြေရှိဟု အစ္စရေးပြော
အီရန်၏ နျူကလီးယား အဆောက်အဦများကို ၂ နှစ် ၃ နှစ်အတွင်း တိုက်ခိုက်နိုင်ခြေရှိသည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
29 Dec 2022

ဓာတ်ပုံ - Times of Israel
DMG | ဒီဇင်ဘာ ၂၉
အီရန်၏ နျူကလီးယား အဆောက်အဦများကို ၂ နှစ် ၃ နှစ်အတွင်း တိုက်ခိုက်နိုင်ခြေရှိသည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
“၂ နှစ်ဒါမှမဟုတ် ၃ နှစ်အတွင်းမှာ အရှေ့ဘက်ဝေဟင်ကို ဖြတ်ပြီး အီရန်ရဲ့ နျူကလီးယား အဆောက်အဦတွေကို တိုက်ခိုက်မှုမှာ ပါဝင်နိုင်ခြေရှိနေပါတယ်” ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး ဘန်နီဂန့်ဇ်က လေတပ်သင်တန်းဆင်းပွဲ တစ်ရပ်တွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အီရန်နှင့် ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတကာက ကြိုးပမ်းမှုများ အရာမထင်ဖြစ်နေချိန်၌ အီရန်သည် ယူရေနီယံဒြပ်စင် ထုတ်လုပ်မှုကို အသားပေး ဆောင်ရွက်လျက်ရှိသည်။ ယခုထုတ်လုပ်မှုသည် အရပ်ဘက်ကဏ္ဍအတွက် ဖြစ်သော်လည်း နောက်ဆုံးအဆင့်တွင် နျူကလီးယားဗုံး ထုတ်လုပ်သည့်အဆင့်အထိ ဦးတည်သွားနိုင်ခြေ ရှိနေသည်။ အီရန်ကမူ ထိုသို့ရည်ရွယ်ချက် မရှိကြောင်း ငြင်းဆိုထားသည်။
အီရန်သည် နျူကလီးယားစီမံကိန်းများကို ၂၀၂၃ တွင် လက်ရှိနှုန်းထားအတိုင်း ဖြည်းဖြည်းချင်း ဆက်လက်ဆောင်ရွက်နေဦးမည်ဟု အစ္စရေး စစ်ထောက်လှမ်းရေးက ခန့်မှန်းထားသည်ဟု အစ္စရေးဟာယွန်း သတင်းစာက လွန်ခဲ့သော တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။
အီရန်သည် အနောက်နိုင်ငံများ၏ ကန့်သတ်ပိတ်ဆို့မှုများ ပြင်းထန်လာမှ ၎င်း၏မူဝါဒကို ပြောင်းလဲပြီး နျူကလီးယားကို စစ်ဘက်အတွက် အသုံးပြုရန် ဆုံးဖြတ်လာနိုင်ကြောင်း ထောက်လှမ်းရေးသုံးသပ်ချက်ကို အစ္စရေးဟာယွန်းသတင်းစာတွင် ဖော်ပြထားသည်။
အီရန်အနေဖြင့် နျူကလီးယား သန့်စင်မှုအဆင့်ကို အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခြေရှိနေကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ သို့သော်လည်း နျူကလီးယား ဒုံးကျည်ထိပ်ဖူး အသုံပြုနိုင်သည့် အဆင့်သို့ ရောက်ရန်အတွက်မူ နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဟု ဆိုသည်။