ကိုဘီဘရိုင်ယန် ရဟတ်ယာဉ်ပျက်ကျမှု ဓာတ်ပုံများအတွက် နစ်နာကြေး ဒေါ်လာ ၃၁ သန်းပေးအပ်ရန် ဂျူရီအဖွဲ့ ဆုံးဖြတ်

ဘက်စကတ်ဘောသမားဟောင်း ကိုဘီဘရိုင်ယန် ရဟတ်ယာဉ်ပျက်ကျမှုကို ရိုက်ယူခဲ့သည့် ဓာတ်ပုံများကြောင့် နစ်နာခဲ့ရသော ကိုဘီဘရိုင်ယန်၏ဇနီးနှင့် ပူးတွဲတရားလိုတစ်ဦးတို့အတွက် လော့စ်အင်ဂျလိစ်အုပ်ချုပ်ရေးအဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၁ သန်းပေးအပ်ရန် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

26 Aug 2022

ကိုဘီဘရိုင်ယန်နှင့် သမီး ဂျီအန်နာဘရိုင်ယန်တို့ဘား ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images

DMG ၊ သြဂုတ် ၂၆

ဘက်စကတ်ဘောသမားဟောင်း ကိုဘီဘရိုင်ယန် ရဟတ်ယာဉ်ပျက်ကျမှုကို ရိုက်ယူခဲ့သည့် ဓာတ်ပုံများကြောင့် နစ်နာခဲ့ရသော ကိုဘီဘရိုင်ယန်၏ဇနီးနှင့် ပူးတွဲတရားလိုတစ်ဦးတို့အတွက် လော့စ်အင်ဂျလိစ်အုပ်ချုပ်ရေးအဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၁ သန်းပေးအပ်ရန် ဂျူရီအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၂၀ ဇန်နဝါရီလတွင် ရဟတ်ယာဉ်ပျက်ကျမှုဖြစ်စဉ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိသွားသည့် တာဝန်ခံများနှင့် မီးသတ်သမားများသည် ဓာတ်ပုံများရိုက်ယူခဲ့ကြသည်။ အဆိုပါပုံများတွင် ကိုဘီဘရိုင်ယန်နှင့် ၁၃ နှစ်အရွယ် သမီးငယ်တို့၏ ရုပ်ပျက်ဆင်းပျက် ဓာတ်ပုံများလည်း ပါဝင်ခဲ့သည်။

၎င်းတို့ထဲမှ အချို့သည် ဓာတ်ပုံများကို ဘားဆိုင်ဝန်ထမ်းတစ်ဦး အပါအဝင် သာမန်ပြည်သူများကို ပြသခဲ့သလို တာဝန်ခံတစ်ဦးသည်လည်း သူငယ်ချင်းတစ်ဦးအား ပေးပို့ပြသခဲ့ကြောင်း တရားခွင်၌ ပေါ်ပေါက်ခဲ့သည်။

ကိုဘီဘရိုင်ယန်၏ဇနီး ဗာနက်ဆာဘရိုင်ယန်၊ ပျက်ကျရာတွင် ဇနီးနှင့်သမီး ဆုံးရှုံးခဲ့ရသူ ခရစ်ချက်စတာတို့သည် အဆိုပါရုပ်ပျက်ဆင်းပျက်ပုံများ တစ်ချိန်ချိန်တွင် အင်တာနက်၌ ထွက်ပေါ်လာမည်ကို အထိတ်တလန့် ဖြစ်နေရသည်ဟု တရားခွင်တွင် ပြောကြားခဲ့သည်။

ဓာတ်ပုံများကြောင့် စိတ်ဓာတ်ရေးရာ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း တင်ပြပြီး ၎င်းတို့နှစ်ဦးက ပူးတွဲတရားစွဲဆိုခဲ့ကြခြင်း ဖြစ်သည်။

လော့စ်အင်ဂျလိစ်အုပ်ချုပ်ရေးအဖွဲ့ကမူ အဆိုပါဓာတ်ပုံများအား အများပြည်သူသို့ လုံးဝချမပြခဲ့ကြောင်းနှင့် အပြင်တွင်ရှိနေသည့် ရုပ်ပုံများကို ဖျက်သိမ်းရန်လည်း အရာရှိများက ကြိုးပမ်းခဲ့ကြကြောင်း ချေပပြောကြားခဲ့သည်။

တရားရုံးက ကိုဘီဘရိုင်ယန်အတွက် အမေရိကန်ဒေါ်လာ ၁၆ သန်း၊ ချက်စတာအတွက် ၁၅ သန်း ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည်။

ကိုဘီဘရိုင်ယန်သည် ဘက်စကတ်ဘောကစားသမားအဖြစ် နှစ်ပေါင်း ၂၀ ခန့် ဖြတ်သန်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အနားယူခဲ့သည်။ ဘရိုင်ယန်ကို ကမ္ဘာ့အကောင်းဆုံး ဘက်စကတ်ဘောသမားများအနက် တစ်ဦးအဖြစ် သတ်မှတ်ထားကြသည်။

ဗီဒီယိုများ