စစ်ရာဇဝတ်မှုများဖြင့် အလိုရှိနေသူ ရုရှားကိုယ်စားလှယ် ကုလတွင်မိန့်ခွန်းပြောစဉ် အမေရိကန်နှင့် ဗြိတိန်တို့ အစည်းအဝေးခန်းမှ ထွက်ခွာ

ဧပြီလ ၅ ရက်နေ့က ရုရှားက ဦးဆောင်ကျင်းပသည့် ယူကရိန်းအရေး အလွတ်သဘော အစည်းအဝေးတွင် ရုရှားကိုယ်စားလှယ် မာရီယာဗိုဗာဘီလိုဗာက စကားပြောစဉ် သံတမန်များက ယခုကဲ့သို့ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

By Admin 06 Apr 2023

ရုရှားသမ္မတ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မာရီယာဗိုဗာဘီလိုဗာ ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်က မော်စကိုတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ ဓာတ်ပုံ - Reuters
ရုရှားသမ္မတ၏ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မာရီယာဗိုဗာဘီလိုဗာ ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်က မော်စကိုတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။ ဓာတ်ပုံ - Reuters

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (အိုင်စီစီ) က စစ်ရာဇဝတ်မှု စွဲချက်များဖြင့် အလိုရှိနေသူ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ရုရှားကိုယ်စားလှယ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအား ဗီဒီယိုကွန်ဖရင့်ဖြင့် စကားပြောကြားစဉ် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အယ်လဘေးနီးယားနှင့် မော်လတာနိုင်ငံတို့သည် အစည်းအဝေးခန်းမမှ ထွက်ခွာသွားကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဧပြီလ ၅ ရက်နေ့က ရုရှားက ဦးဆောင်ကျင်းပသည့် ယူကရိန်းအရေး အလွတ်သဘော အစည်းအဝေးတွင် ရုရှားကိုယ်စားလှယ် မာရီယာဗိုဗာဘီလိုဗာက စကားပြောစဉ် သံတမန်များက ယခုကဲ့သို့ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။

“ပဋိပက္ခဖြစ်ပွားရာ ဒေသများမှ ကလေးငယ်များကို ကယ်ထုတ်ခြင်း”ကို အလေးထားပြောကြားမည့် ရုရှား၏ ဗီဒီယိုကွန်ဖရင့်ကို မိမိတို့ ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းအားဖြင့် ဗိုဗာဘီလိုဗာ အနေဖြင့် ယူကရိန်းတွင် ဆောင်ရွက်နေသည့် ဆိုးရွားသောလုပ်ရပ်များကို ခုခံကာကွယ်ရန်အတွက် နိုင်ငံတကာစင်မြင့်ထက်တွင် လုပ်ကြံသတင်းများ ဖြန့်ရန် အခွင့်အရေး မရရှိတော့ဟု အမေရိကန်သံအမတ်ကြီး လင်ဒါသောမက်စ်ဂရင်းဖီးက သတင်းထောက်များကို ပြောကြားသည်။

အိုင်စီစီသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဗိုဗာဘီလိုဗာတို့ကို ပြီးခဲ့သောလတွင် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်းတွင် ၎င်းတို့သည် ကလေးငယ်များကို တရားမဝင် ခေါ်ယူသွားခြင်း၊ လူများကို တရားလက်လွတ် နေရာရွှေ့ပြောင်းစေခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း အိုင်စီစီက စွဲဆိုပြောကြားထားသည်။

မော်စကိုကမူ ရုရှားသည် အိုင်စီစီအဖွဲ့ဝင်မဟုတ်သဖြင့် ဖမ်းဝရမ်းသည်လည်း တရားမဝင်ကြောင်း တုံ့ပြန်ပြောကြားထားသည်။ မော်စကိုသည် ယူကရိန်းမှ ကလေးငယ်ထောင်ပေါင်းများစွာကို ခေါ်ဆောင်နေသည့် အစီအစဉ်နှင့် ပတ်သက်၍ ငြင်းဆိုခြင်း မပြုပေ။ သို့သော်လည်း အဆိုပါအစီအစဉ်ကို စစ်မက်ဇုန်အတွင်းရှိနေသည့် ကလေးငယ်များအား လူသားချင်းစာနာထောက်ထားရေး အစီအစဉ်အရ ကူညီဆောင်ရွက်မှု တစ်ရပ်အဖြစ် ဖော်ပြပြောကြားထားသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းတွင် ရုရှားသို့ ရောက်ရှိခဲ့သူ ယူကရိန်းနိုင်ငံသားစုစုပေါင်း ၅ သန်းခန့်ရှိပြီး ၎င်းတို့အနက် ကလေးငယ် ၇ သိန်းခန့်လည်း ပါဝင်သည်ဟု ဗိုဗာဘီလိုဗာက ပြောကြားသည်။

“ရုရှားက ဒီကလေးတွေကို ကာကွယ်ပေးတယ်လို့ ပြောတယ်။ တကယ်က ဒါဟာ ယူကရိန်း အမှတ်အသားနဲ့ နိုင်ငံသားဖြစ်မှုကို ဖျောက်ဖျက်ဖို့အတွက် တွက်ချက်ဆောင်ရွက်နေတဲ့ မူဝါဒပဲ”ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် အာဆီမာဂါဇီဘူအီလန်က ပြောကြားသည်။ သူသည် ဘီလိုဗာ စကားပြောကြားပြီးနောက်မှ အစည်းအဝေးခန်းမထဲသို့ ပြန်ဝင်ခဲ့သူ ဖြစ်သည်။

ဗီဒီယိုများ