- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
ကျူးဘားတွင် ဆယ်စုနှစ်လေးခုကျော်အတွင်း ပထမဆုံးအကြိမ် ဝန်ကြီးချုပ်ခန့်အပ်
တော်လှန်ရေးခေါင်းဆောင် ဖီဒယ်လ်ကတ်စထရို အာဏာရရှိခဲ့ပြီးနောက် ၁၉၇၆ ခုနှစ်ကတည်းက ကွန်မြူနစ်အစိုးရခေါင်းဆောင်သော ကျူးဘားနိုင်ငံတွင် ဝန်ကြီးချုပ်မထားရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အစောပိုင်းက အသစ်ပြန်လည်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမှာသာ အစိုးရအဖွဲ့တွင် ယင်းရာထူးကို ပြန်လည်ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
23 Dec 2019

ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်နေသော ကျူးဘားနိုင်ငံတွင် ဒီဇင်ဘာ ၂၁ ရက်နေ့က ဆယ်စုနှစ် ၄ ခုကျော် အတွင်းပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးချုပ်တစ်ဦးခန့်အပ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကျူးဘား၏လက်ရှိသမ္မတ မီဂွယ်ဒိုင်းယက်ဇ်ကန်နယ်လ်သည် အစိုးရအဖွဲ့အတွင်းမှ လက်ရှိ ခရီးသွားလုပ်ငန်းဝန်ကြီး မန်နျူရယ်မာရီရိုခရုဇ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်သည်။
တော်လှန်ရေးခေါင်းဆောင် ဖီဒယ်လ်ကတ်စထရို အာဏာရရှိခဲ့ပြီးနောက် ၁၉၇၆ ခုနှစ်ကတည်းက ကွန်မြူနစ်အစိုးရခေါင်းဆောင်သော ကျူးဘားနိုင်ငံတွင် ဝန်ကြီးချုပ်မထားရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အစောပိုင်းက အသစ်ပြန်လည်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမှာသာ အစိုးရအဖွဲ့တွင် ယင်းရာထူးကို ပြန်လည်ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်သော မစ္စတာမာရီရိုခရုဇ်သည် သမ္မတထံမှ တာဝန်ဝတ္တရားအချို့ကို လွှဲပြောင်းတာဝန်ယူသွားမည်ဖြစ်သည်။
သို့ရာတွင် ဝေဖန်သုံးသပ်သူများကမူ ကျူးဘားနိုင်ငံတွင် ကျူးဘားကွန်မြူနစ်ပါတီနှင့် စစ်တပ်တို့ကသာ အာဏာကို အဓိကဆုပ်ကိုင်ထားပြီး အရေးကြီးဆုံးဖြတ်ချက်များကို ချမှတ်လျက်ရှိသဖြင့် ယခုကဲ့သို့ ဝန်ကြီးချုပ်ရာထူးပြန်လည်ထားရှိလိုက်သော်လည်း မည်သည့်အပြောင်းအလဲမျှ ဖြစ်ပေါ်လာဖွယ်မရှိဟု ဝေဖန်လျက်ရှိသည်။
ဝန်ကြီးချုပ်ဖြစ်လာသော မစ္စတာမာရီရိုသည် ကျူးဘားနိုင်ငံ၏ အဓိကစီးပွားရေးကဏ္ဍဖြစ်သော ခရီးသွားလုပ်ငန်းနယ်ပယ်မှ လာသူတစ်ဦးဖြစ်ကြောင်း ကျူးဘားနိုင်ငံပိုင်သတင်းစာ Granma တွင် ဖော်ပြထားချက်အရ သိရသည်။
၎င်းသည် ၂၀၀၀ ခုနှစ်တွင် ကျူးဘားစစ်တပ်ပိုင် Gaviota ခရီးသွားလုပ်ငန်းအုပ်စု၏ ဥက္ကဋ္ဌဖြစ်လာခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ဖီဒယ်ကတ်စထရိုအစိုးရအဖွဲ့တွင် ခရီးသွားလုပ်ငန်းဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရကာ ၎င်း၏လက်ထက်တွင် ကျူးဘား၏ ခရီးသွားလုပ်ငန်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်ကို တွေ့ရသည်။
ယခုဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးနောက်တွင် မစ္စတာမာရီရိုအနေဖြင့် ခရီးသွားလုပ်ငန်းဝန်ကြီးအဖြစ် ဆက်လက်ထမ်းဆောင်ခြင်း ရှိ၊မရှိဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
မစ္စတာမာရီရို၏ ရိုးသားမှု၊ အလုပ်စွမ်းဆောင်ရည်နှင့် ကွန်မြူနစ်ပါတီနှင့်တော်လှန်ရေးအပေါ် သစ္စာရှိမှုတို့ကြောင့် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းဖြစ်ကြောင်း သမ္မတဒိုင်ယက်ဇ်ကန်နယ်လ်က ပြောကြားသည်။
ကျူးဘားကွန်မြူနစ်တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကတ်စထရိုသည် ၁၉၅၉ ခုနှစ်၌ သူ့ကိုယ်သူ ဝန်ကြီးချုပ်အဖြစ်ကြေညာကာ ကျူးဘားအစိုးရအဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။
သို့သော် ၁၉၇၆ ခုနှစ်တွင်မူ ယင်းရာထူးကို ဖျက်သိမ်းလိုက်ပြီး ၎င်းသည် ကွန်မြူနစ်ပါတီခေါင်းဆောင်နှင့် နိုင်ငံတော်ကောင်စီနှင့်ဝန်ကြီးများကောင်စီတို့၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
ထို့နောက် ကတ်စထရိုသည် ကျန်းမာရေးချို့ယွင်းလာမှုကြောင့် ၂၀၀၆ ခုနှစ်တွင် အာဏာကိုညီဖြစ်သူ ရာအူးလ်ကတ်စထရိုအား လွှဲပြောင်းပေးခဲ့ကာ ၂၀၁၆ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
ရာအူးလ်ကတ်စထရိုသည် ၂၀၁၈ ခုနှစ်တွင်သမ္မတရာထူးမှ အနားယူသွားခဲ့သော်လည်း လက်ရှိအချိန်ထိ ကျူးဘားကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားဆဲဖြစ်သလို နိုင်ငံရေးတွင်လည်း အဓိကသြဇာရှိသူတစ်ဦးအဖြစ်ရှိနေဆဲဖြစ်သည်။