ပူတင်ကို 'သိပ်စိတ်ပျက်မိတယ်' ဟု ထရမ့်ပြော

ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်၏ ယူကရိန်းငြိမ်းချမ်းရေးသဘောတူညီမှု ရယူနိုင်ရန် ပျက်ကွက်မှုအပေါ် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၂ ရက်နေ့တွင် ပြောကြားသည်။ ရုရှားအနေနှင့် မည်သို့သော အကျိုးဆက်များ ရင်ဆိုင်ရမည်ဆိုသည်ကိုမူ ဒေါ်နယ်ထရမ့်က ရှင်းလင်းစွာ ဖော်ပြခြင်းမရှိခဲ့ကြောင်း AFP က ဖော်ပြထားသည်။

By Admin 03 Sep 2025

၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်ရှိ Joint Base Elmendorf-Richardson စစ်အခြေစိုက်စခန်း၌ ယူကရိန်းစစ်ပွဲရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ လက်ဆွဲနှုတ်ဆက်နေကြစဉ်။ (ဓာတ်ပုံ - Reuters)

ပြီးခဲ့သည့်လ၌ အလက်စကာတွင် ပူတင်နှင့် တွေ့ဆုံပြီးကတည်းကပင် ထရမ့်သည် ကရင်မလင်ခေါင်းဆောင်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးနှင့် တိုက်ရိုက်ဆွေးနွေးရန် ဖိအားပေးခဲ့သည်။

သို့သော် ရုရှားသည် အဆိုပါတိုက်တွန်းချက်များကို မဖော်ဆောင်ဘဲ ကိယက်ဗ်ကို ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခဲ့သဖြင့် ဝါရှင်တန်နှင့် ဥရောပနိုင်ငံများ၏ ပြစ်တင်ဝေဖန်မှုများကိုသာ ထပ်မံရင်ဆိုင်လိုက်ရသည်။

"သမ္မတပူတင်ကို ကျွန်တော် သိပ်စိတ်ပျက်မိတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိခဲ့ပါတယ်။ အခုတော့ အရမ်းပဲ စိတ်ပျက်မိပါတယ်" ဟု ထရမ့်က စတော့တ် ဂျင်းနင်းစ် ရေဒီယိုအစီအစဉ်တွင် ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့်ဘက်က သတ်မှတ်ထားသော သဘောတူညီချက်ဆိုင်ရာ နောက်ဆုံးရက်မှာ ယခုသီတင်းပတ်အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုဘက်က မည်သို့သောအရေးယူမှုများ ဆောင်ရွက်သွားမည်ဆိုခြင်းကိုမူ သမ္မတ ဒေါ်နယ်ထရမ့်က တိတိပပ ပြောဆိုခဲ့ခြင်း မရှိပေ။

အချို့သောအချိန်များ၌ ထရမ့်သည် ရုရှားကို ပိတ်ဆို့အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း ရုရှားနှင့် ယူကရိန်းကို ဆက်လက်တိုက်ခိုက်စေရန် အကြံပြုသည်များလည်း အခြားတစ်ဖက်တွင် ရှိခဲ့သေးသည်။ အင်္ဂါနေ့ကမူ ၎င်းသည် အသေးစိတ် ရှင်းရှင်းလင်းလင်း ထုတ်ဖော်အသိပေးဘဲ "ပြည်သူများ အသက်ရှင်ရပ်တည်နိုင်စေရေးအတွက် တစ်စုံတစ်ခု လုပ်ဆောင်ပေးမည်" ဟုသာ ပြောကြားသွားခဲ့သည်။

ဘဲဥပုံရုံးခန်းတွင် ပူတင်နှင့် မကြာသေးမီက စကားပြောဖြစ်ခြင်း ရှိ၊ မရှိ မေးမြန်းသည်ကို ထရမ့်က ဖြစ်ပေါ်တိုးတက်မှုအသစ်များ ရှိနေကြောင်း အရိပ်အမြွက် အသိပေးခြင်းနှင့်အတူ "အရမ်းကိုပဲ စိတ်ဝင်စားစရာကောင်းမယ့် အရာတွေကို ကျွန်တော်သိခွင့်၊ လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ လာမယ့်ရက်အနည်းငယ် အတွင်းလောက်မှာ ခင်ဗျားတို့လည်း သိလာလိမ့်မယ်လို့ ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

သမ္မတ ဒေါ်နယ်ထရမ့် သည် ပူတင်နှင့် ဇီလင်စကီးတို့ တွေ့ဆုံရန် ပျက်ကွက်ပါက အကျိုးဆက်များ ရှိလာလိမ့်မည် ဟုလည်း ထပ်လောင်းပြောဆိုသွားခဲ့သည်။