ရှင်ကျန်းအစီရင်ခံစာနှင့် ပတ်သက်၍ “ကြီးမားသောဖိအားများ” ရှိနေကြောင်း ကုလလူ့အခွင့်အရေးအကြီးအကဲ ဝန်ခံ


30 Aug 2022

ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲ မီရှဲလ်ဘက်ချလက်။ ဓာတ်ပုံ - AFP
DMG ၊ သြဂုတ် ၃၁
 
တရုတ်နိုင်ငံ ရှင်ကျန်းဒေသနှင့် သက်ဆိုင်သည့် ကာလရှည်ကြာနှောင့်နှေးနေသည့် အစီရင်ခံစာတစ်ခုအတွက် “ကြီးမားသောဖိအားများ” ကိုရင်ဆိုင်နေရသလို ထိုအစီရင်ခံစာ ထွက်ပေါ်လာမည့်အချိန်ကိုလည်း သူမအနေဖြင့် အသေအချာ မပြောနိုင်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲက ကြာသပတေးနေ့တွင် ပြောကြားသည်။
 
တရုတ်အစိုးရက အူဂါနှင့် အခြားမွတ်ဆလင်လူနည်းစု တစ်သန်းကျော်ကို အကျဉ်းချထားသည်ဟု စွပ်စွဲခံထားရသည့် ရှင်ကျန်းရှိ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာတစ်စောင်ကို မီရှဲလ်ဘက်ချလက်က သူမ၏ တာဝန်သက်တမ်း ကုန်ဆုံးမည့် ဩဂုတ်လ ၃၁ ရက် မရောက်မီကာလတွင် ထုတ်ပြန်မည်ဟု အကြိမ်ကြိမ်ကတိပြုခဲ့သည်။
 
သို့သော် သူမ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအဖြစ်ပြုလုပ်ခဲ့သော နောက်ဆုံးသတင်းစာရှင်းလင်းပွဲတွင် သူမ၏မသေချာမရေရာမှုများက ပိုမိုသိသာလာခဲ့သည်။
 
"ကျွန်မကတိပေးထားတဲ့အတိုင်း လုပ်ဖို့ ကျွန်မတို့ အသည်းအသန်ကြိုးစားနေပါတယ်" ဟု မီရှဲလ်ဘက်ချလက်က ကြာသပတေးနေ့တွင် ပြောကြားခဲ့ပြီး သူမသည် "ထုတ်ဝေရန် သို့မဟုတ် မထုတ်ဝေရန်နှင့်ပတ်သက်၍ ကြီးမားသောဖိအားများ”အောက်တွင် ရှိနေသည်ကို ဝန်ခံခဲ့သည်။
 
“ဒါပေမယ့် ဒီလိုဖိအားတွေကြောင့် ထုတ်တာ၊ ဒါမှမဟုတ် မထုတ်ဘဲဆိုင်းထားတာတွေ လုပ်မှာ မဟုတ်ပါဘူး” ဟု သူမက ဂျနီဗာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
 
မီရှဲလ်ဘက်ချလက်သည် သူမအချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည့် ရှင်ကျန်းဒေသ ခရီးစဉ်ကို ယခုနှစ်အစောပိုင်းတွင် သွားရောက်ခွင့်ရရှိခဲ့ပြီး အဆိုပါခရီးစဉ်သည် လူ့အခွင့်အရေးအုပ်စုများအကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်စရာ ဖြစ်ခဲ့သည်။
 
ရှင်ကျန်းတွင် အစုလိုက်အပြုံလိုက် အကျဉ်းချခြင်း၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ မလုပ်မနေရ သားကြောဖြတ်ခြင်း၊ အူဂါလူမျိုးတို့၏ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ နေရာများကို ဖျက်ဆီးခြင်း အပါအဝင် အလွဲသုံးစားလုပ်မှုများ အများအပြားရှိသည်ဟု စည်းရုံးလှုံ့ဆော်သူများက စွပ်စွဲထားသည်။
 
အမေရိကန်နှင့် အခြားအနောက်နိုင်ငံများမှ ဥပဒေပြုအမတ်များကလည်း တရုတ်နိုင်ငံသည် လူနည်းစုအုပ်စုများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည် ဆိုသည်မျိုးအထိ စွပ်စွဲထားကြသည်။
 
တရုတ်က အဆိုပါပြောဆိုချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး ရှင်ကျန်းတွင် အစွန်းရောက်ဝါဒကို တန်ပြန်ရန်ရည်ရွယ်ထားသည့် အသက်မွေးဝမ်းကျောင်းစင်တာများသာ  ဖွင့်လှစ်ထားကြောင်း ကာလရှည်ကြာ အခိုင်အမာ ပြောကြားနေခဲ့သည်။
 
အဆိုပါစွပ်စွဲချက်များသည် တရုတ်၏တိုးတက်လာခြင်းကို ထိန်းချုပ်ရန်အတွက် အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများ၏ အပုပ်ချမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တရုတ်က ပြောကြားထားသည်။

ဗီဒီယိုများ