မြောက်ကိုရီးယားဒုံးကျည်စမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ဒုံးကျည်များပစ်လွှတ်

မြောက်ကိုရီးယားက ဂျပန်ဝေဟင်မှ ဖြတ်သန်း၍ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခြင်းအတွက် တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့သည် ပင်လယ်ပြင်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

06 Oct 2022

အမေရိကန်နှင့် ပူးတွဲစစ်ဆင်ရေးတစ်ခုတွင် တောင်ကိုရီးယားဒုံးကျည်တစ်စင်း ပစ်လွှတ်နေသည်ကို တွေ့မြင်ရစဉ်။ ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၆

မြောက်ကိုရီးယားက ဂျပန်ဝေဟင်မှ ဖြတ်သန်း၍ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခြင်းအတွက် တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်စစ်တပ်တို့သည် ပင်လယ်ပြင်ထဲသို့ ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

မြောက်ကိုရီးယားသည် နျူးကလီးယားစွမ်းအင်သုံး တာလတ်ပဲ့ထိန်းဒုံးကျည်တစ်စင်း (Intermediate-Range Ballistic Missile-IRBM)ကို ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံမှဖြတ်ကျော်ပြီး အင်္ဂါနေ့တွင်ပစ်လွှတ်ခဲ့ရာ ဒေသခံအချို့ကို ဘေးလွတ်ရာရွှေ့ပြောင်းရန် ဂျပန်အစိုးရက အသိပေးချက် ထုတ်ပြန်ခဲ့ရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ကလည်း အဆိုပါကိစ္စကို တုံ့ပြန်ရန် ဂျပန်ပင်လယ်ဟု သိကြသည့် အရှေ့ပင်လယ်တွင်းသို့ ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်ခြင်းဖြင့် ယင်းတို့၏ စစ်တပ်များတွင် စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။

နှစ်နိုင်ငံစစ်တပ်များသည် ပဲ့ထိန်းတပ် တာတိုပစ်ဒုံးလက်နက်နှစ်စင်းကို “ဖန်တီးထားသည့် ပစ်မှတ်တစ်ခုကို အတိအကျထိရန်” ရေပြင်သို့ပစ်လွှတ်ခဲ့ကြောင်း စစ်ဆင်ရေးတပ်မှူးချုပ်က ဆိုသည်။

တောင်ကိုရီးယားဒုံးကျည်တစ်ခုသည် ပစ်လွှတ်ပြီးမကြာမီတွင် ပျက်ကျသွားကြောင်းနှင့် ထိခိုက် သေဆုံးမှုမရှိကြောင်း တောင်ကိုရီးယားစစ်တပ်က အတည်ပြုခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန် တိုက်လေယာဉ်များသည် ပင်လယ်ဝတွင် ဖန်တီးထားသည့် ပစ်မှတ်တစ်ခုကို ဗုံးကြဲမည့်စစ်ဆင်ရေးတစ်ခုကို အင်္ဂါနေ့က ဆောင်ရွက်ခဲ့ကြသည်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို “မြောက်ကိုရီးယား၏ ရန်စမှုများကြုံလာခဲ့လျှင် စစ်ရေး ဆောင်ရွက်မှုများ ချက်ချင်းတုံ့ပြန်နိုင်သည်အထိ အဆင်သင့်ပြင်ဆင်ထားရန်” အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက CNN ကိုပြောကြားခဲ့သည်။

ပြီးခဲ့သည့်လအတွင်း တောင်ကိုရီးယားရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည့် နျူးကလီးယားစွမ်းအင်သုံး ယူအက်စ်အက်စ် ရော်နယ်ရီဂင် လေယာဉ်တင်သင်္ဘောသည် ဒေသတွင်းသို့ရောက်ရှိမည်ဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သည်။

ဗီဒီယိုများ