ကုလ၏ မွတ်ဆလင်အရေး စုံစမ်းစစ်ဆေးမှုယန္တရား IIMM အား အမေရိကန်အစိုးရက ဒေါ်လာတစ်သန်းလှူ

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)အား အမေရိကန်အစိုးရက ဒေါ်လာတစ်သန်း အကူအညီပေးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။

22 Sep 2022

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)အကြီးအကဲ နီကိုလက်စ်ကူဂျန်။ ဓာတ်ပုံ - UN

DMG ၊ စက်တင်ဘာ ၂၂

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)အား အမေရိကန်အစိုးရက ဒေါ်လာတစ်သန်း အကူအညီပေးလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ဆိုရှယ်မီဒီယာတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ထုတ်ပြန်သည့် အဆိုပါကြေညာချက်၌ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနသည် ၎င်း၏ နိုင်ငံတကာ မူးယစ်ဆေးဝါးနှိမ်နင်းရေးနှင့် ဥပဒေစိုးမိုးရေးဗျူရိုမှတစ်ဆင့် IIMM သို့ အမေရိကန်ဒေါ်လာတစ်သန်း ကူညီခဲ့ကြောင်း ဖော်ပြထားသည်။

"မြန်မာစစ်တပ်၏ နှိပ်စက်ကလူပြုမှုကိုခံခဲ့ကြရသည့် ထိခိုက်နစ်နာသူများနှင့် သက်သေထွက်ဆိုသူများကို အားပေးပံ့ပိုးနိုင်ရန် ထောက်ပံ့ကူညီခြင်းဖြစ်ကြောင်း" နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး ဘတ်သ်ဗန်စကာ့ခ်က ပြောကြားခဲ့သည်ဟု ကြေညာချက်၌ ဖော်ပြထားသည်။

စစ်တပ်၏ ရက်စက်မှုကို ခံခဲ့ကြရသူများကိုယ်တိုင် ပြောပြသည့် အချက်အလက်များသည် အာဏာရှင်များအတွက် ခြိမ်းခြောက်မှုဖြစ်သဖြင့် မြန်မာစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်ပြောဆိုသံများအား ပစ်မှတ်ထားကာ အင်အားသုံးအစဖျောက်မှုများ၊ ဥပဒေမဲ့ သတ်ဖြတ်မှုများ ကျူးလွန်နေကြောင်းလည်း သံရုံး၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၁၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ချက်များကြောင့် မြန်မာနိုင်ငံမှ မွတ်ဆလင် ခုနှစ်သိန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး(အိုင်စီဂျေ)တွင် တရားစွဲဆိုထားခြင်းအပြင် အခြားသော ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာတရားရုံးများ၌ တရားစွဲဆိုထားမှုများအတွက် အထောက်အကူဖြစ်စေရန် အဓိကရည်ရွယ်၍ IIMM ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

IIMM သည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုနှင့် မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များအတွက် အထောက်အပံ့ဖြစ်စေမည့် သန်းနှင့်ချီသည့် အချက်အလက်များအား ဖေ့စ်ဘုတ်ကုမ္ပဏီထံမှ ရရှိထားကြောင်း ပြီးခဲ့သောရက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

ဖေ့စ်ဘုတ်မိခင်ကုမ္ပဏီ Meta နှင့် အခြားသော သတင်းရင်းမြစ်များထံမှရရှိထားသော အချက်အလက်များကိုစုစည်းပြီး ICC အပါအဝင် အခြားသော တရားစီရင်ရေးအာဏာပိုင်များထံ တင်ပြသွားမည်ဟု IIMM က ပြောကြားထားသည်။

ဗီဒီယိုများ