ပီလိုစီခရီးစဉ်အပေါ် ကြိမ်းဝါးမှုများသည် ထိုင်ဝမ်အရေးတွင် တရုတ်၏အားနည်းမှုကို ပြသနေကြောင်း လေ့လာသူများဆို

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်ဘက်က မိုးကြီးလေးကြီး ကြိမ်းဝါးနေမှုများသည် ဝါရှင်တန်၏ ထိုင်ဝမ်အရေးရပ်တည်ချက် အရွေ့နှင့်ပတ်သက်၍ တရုတ်တို့၏ အောက်ခြေမှမလုံခြုံမှုကို ပြသနေခြင်းကြောင်း လေ့လာသူများ၏ ပြောကြားချက်များကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တရုတ်သည် ပြည်တွင်းစီးပွားရေး မပြေလည်မှုများကို အာရုံလွှဲရန်အတွက်ပါ ယခုကဲ့သို့ ကြုံးဝါးနေခြင်းဟု လေ့လာသူများက ပြောသည်။

04 Aug 2022

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီနှင့် ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်တို့ ၂၀၂၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က တိုင်ပေတွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - ထိုင်ဝမ်သမ္မတရုံး

DMG ၊ ဩဂုတ် ၄

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပီလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပေါ် တရုတ်ဘက်က မိုးကြီးလေးကြီး ကြိမ်းဝါးနေမှုများသည် ဝါရှင်တန်၏ ထိုင်ဝမ်အရေးရပ်တည်ချက် အရွေ့နှင့်ပတ်သက်၍ တရုတ်တို့၏ အောက်ခြေမှမလုံခြုံမှုကို ပြသနေခြင်းကြောင်း လေ့လာသူများ၏ ပြောကြားချက်များကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ တရုတ်သည် ပြည်တွင်းစီးပွားရေး မပြေလည်မှုများကို အာရုံလွှဲရန်အတွက်ပါ ယခုကဲ့သို့ ကြုံးဝါးနေခြင်းဟု လေ့လာသူများက ပြောသည်။

အသက် ၈၂ နှစ်အရွယ် နန်စီပီလိုစီသည် တိုင်ပေသို့ အင်္ဂါနေ့ညဉ့်တွင် ရောက်ရှိခဲ့သည်။ ဤခရီးစဉ်သည် ၂၅ နှစ်အတွင်း ထိုင်ဝမ်သို့ ရောက်ရှိခဲ့သည့် အမေရိကန်အရာရှိများအနက် ရာထူးအမြင့်ဆုံးတစ်ဦး၏ ခရီးစဉ်လည်း ဖြစ်သည်။

ပီလိုစီ ထိုင်ဝမ်သို့ မရောက်မီ ရှေ့ရက်များတွင် ဘေဂျင်းအစိုးရသည် တစ်ခါထက်တစ်ခါ ပိုမိုရန်လိုလာသော အသုံးအနှုန်းများ တွင်တွင်သုံးကာ တောက်လျှောက် ကြိမ်းမောင်းမှုများ ပြုလုပ်နေခဲ့သည်။ ခရီးစဉ်ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲဆိုးကျိုးများကို အမေရိကန်တို့ ရင်ဆိုင်ရမည်ဟု ပြောနေခဲ့သလို စစ်ရေးလေ့ကျင့်မှုများလည်း ပြုလုပ်ပြနေခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း တရုတ်သည် ထိုင်ဝမ်ရေလက်ကြားတွင် လက်နက်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခဲ့သည်။ တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်း သတင်းဌာန၏ အယ်ဒီတာချုပ်ဟောင်း ဟူရှီကျင်ကဆိုလျှင် ဘေကျင်းသည် ပီလိုစီ၏လေယာဉ်ကို အတင်းပြန်ခိုင်းခြင်း သာမက ပစ်ချခြင်းမျိုးအထိ လုပ်နိုင်ခြေရှိသည်ဟု မှတ်ချက်ပေးခဲ့သည်။

သို့သော်လည်း ထိုကဲ့သို့သော ကြိမ်းဝါးမှုများနောက်ကွယ်တွင် တရုတ်တို့၏ ကိုယ့်ကိုယ်ကိုယ်မလုံခြုံမှု ရှိနေသည်ဟု လေ့လာသူများက အေအက်ဖ်ပီသို့ ဖြေကြားသည်။ အမေရိကန်နှင့် အနောက်မဟာမိတ်များက ထိုင်ဝမ်နှင့် ဆက်ဆံရေးများ ထူထောင်လာကြခြင်းသည် ထိုင်ဝမ်၏ လွတ်လပ်ရေးကို အားပေးအားမြှောက်ပြုသည့် လုပ်ရပ်အဖြစ် တရုတ်အာဏာပိုင်များက ခံယူကြသည်။

တစ်ချိန်တည်းတွင် သမ္မတရှီကျင့်ဖျင် အနေဖြင့်လည်း မိမိ၏ တတိယအကျော့ သမ္မတသက်တမ်းအတွက် ခိုင်မာမှုရှိစေရန်အလို့ငှာ မကြာမီ ကျင်းပရန်ရှိနေသည့် နိုင်ငံရေးထိပ်သီးအစည်းအဝေး မစတင်မီ၌ စစ်ရေးနှင့် စီးပွားရေးပြိုင်ဖက်ဖြစ်သော အမေရိကန်ကို တွန်းလှန်နိုင်စွမ်း ရှိကြောင်းကို ပြသရန် စိတ်အားထက်သန်နေသည်ဟု လေ့လာသူများက ဆိုသည်။

သမ္မတရှီသည် ပြီးခဲ့သောသီတင်းပတ်ကလည်း ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး သမ္မတဘိုင်ဒန်အား ‘မီးနှင့်ကစားခြင်း’ မပြုလုပ်ရန် သတိပေးပြောကြားခဲ့သေးသည်။

ဗီဒီယိုများ