ဓာတ်ငွေ့ပိုက်လိုင်းအခြေအနေ မရေရာမှုကြောင့် ဂျာမနီစွမ်းအင်အရေး စိုးရိမ်နေရ

ဂျာမနီနိုင်ငံအား ရုရှားဓာတ်ငွေ့အများစုကို ပေးဆောင်နေသည့် Nord Stream ပိုက်လိုင်းသည် ပုံမှန်ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန်အတွက် တနင်္လာနေ့မှ စတင်ကာ ပိတ်ထားမည်ဖြစ်ရာ အဆိုပါပိုက်လိုင်း လုံးလုံးလျားလျား ပိတ်သွားမည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

10 Jul 2022

ဓာတ်ပုံ - AFP

DMG ၊ ဇူလိုင် ၁၁

ဂျာမနီနိုင်ငံအား ရုရှားဓာတ်ငွေ့အများစုကို ပေးဆောင်နေသည့် Nord Stream ပိုက်လိုင်းသည် ပုံမှန်ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်ရန်အတွက် တနင်္လာနေ့မှ စတင်ကာ ပိတ်ထားမည်ဖြစ်ရာ အဆိုပါပိုက်လိုင်း လုံးလုံးလျားလျား ပိတ်သွားမည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဂျာမနီသည် ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်အကျပ်အတည်း၏ သက်ရောက်မှုကို ခံစားနေရပြီး အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများသည် လျှပ်စစ်မီးသုံးစွဲမှုလျော့ချခြင်း ကဲ့သို့ စွမ်းအင်ချွေတာမှုများ ပြုလုပ်နေကြရသည်။

စီးပွားရေးဝန်ကြီး ရောဘတ်ဟဲဘက်သည်ပင် စွမ်းအင်ချွေတာသည့်အနေဖြင့် ရေကိုအသင့်အတင့်သာ နွေးအောင်တည်ပြီး မြန်မြန်ဆန်ဆန်ချိုးသည်ဟု ပြောကြားခဲ့သည့်အတွက် သတင်းများတွင် ဝန်ကြီး၏စကားကို အထူးတလည်ဖော်ပြခဲ့ကြသည်။

လက်ရှိတွင် ပင်မ Nord Stream ဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် စွမ်းအင်ပို့ဆောင်မှုများအား ၁ဝ ရက်ကြာ ခေတ္တရပ်ထားမည့် အစီအစဉ်က အခြေအနေများ ပိုမိုဆိုးဝါးလာရန်အတွက် ခြိမ်းခြောက်လျက်ရှိသောကြောင့် တုန်လှုပ်ခြောက်ခြားမှုများ တိုးပွားလာနေသည်။

“အကုန်လုံးကို ထည့်တွက်ထားရပါမယ်” ဟု စီးပွားရေးဝန်ကြီး ရောဘတ်ဟဲဘက်က သတိပေးထားသည်။

လက်ကျန်စွမ်းအင်ပမာဏသည် မူလအခြေအနေသို့ ပြန်မရောက်နိုင်တော့သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး စီးပွားရေးလုပ်ငန်းအများအပြားနှင့် ဒေသဆိုင်ရာ အာဏာပိုင်များသည် အရေးပေါ်အစီအစဉ်များကို ချမှတ်နေရသည်။

"ကပ်ရောဂါကာလအတွင်းမှာ လုပ်ခဲ့သလိုမျိုး အိမ်ကနေ အလုပ်ပြန်လုပ်လို့ရနိုင်ပါတယ်။ ဒီတစ်ခေါက်ကတော့ အမျိုးသားအကျိုးစီးပွားအတွက် စွမ်းအင်ချွေတာဖို့ပါ" ဟု ဟန်ကယ်လ် စားသုံးသူဆိုင်ရာဓာတုပစ္စည်းအဖွဲ့၏ အကြီးအကဲ ကာစတန်နိုဘယ်က ပြည်တွင်းမီဒီယာအား ပြောကြားခဲ့သည်။

ရုရှားသည် ပြီးခဲ့သောသီတင်းပတ်များအတွင်း နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကိုထောက်ပြ၍ Nord Stream ပိုက်လိုင်းမှတစ်ဆင့် စွမ်းအင်ပို့ဆောင်မှုများ၏ ၆ဝ ရာခိုင်နှုန်းကို ဖြတ်တောက်ခဲ့သည်။ ဂျာမနီကမူ ရုရှား၏အကြောင်းပြချက်ကို ငြင်းပယ်ပြီး “နိုင်ငံရေး” နှင့်ဆက်စပ်သော ဆုံးဖြတ်ချက်တစ်ခုအတွက် အကာအကွယ်ယူထားခြင်းဖြစ်သည်ဟု ဝေဖန်ထားသည်။

ရလဒ်အနေဖြင့် ဂျာမနီ၏ ဓာတ်ငွေ့သိုလှောင်ရုံများသည် ပုံမှန်ထက် နှေးကွေးသော အရှိန်ဖြင့်လည်ပတ်နေရပြီး နိုင်ငံသည် “ဓာတ်ငွေ့ပြတ်လပ်မှုအန္တရာယ်”နှင့် ရင်ဆိုင်ရနိုင်သည်ဟု စီးပွားရေးဝန်ကြီး ရောဘတ်ဟာ့ဘက်ခ်က ဆိုသည်။

ဗီဒီယိုများ