အမေရိကန်ရေနံကုမ္ပဏီ ချက်ဗရွန် မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ရောင်းချပြီး ထွက်ခွာတော့မည်

ချက်ဗရွန်သည် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် တွဲဖက်လုပ်ကိုင်နေခြင်း ဖြစ်သည်။ 

By Admin 11 Feb 2023

ဓာတ်ပုံ - Total Energies
ဓာတ်ပုံ - Total Energies

အမေရိကန်ရေနံကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ချက်ဗရွန်သည် မြန်မာနိုင်ငံတွင် လည်ပတ်နေသော ၎င်း၏ လုပ်ငန်းများအားလုံးကို ကနေဒါကုမ္ပဏီ MTI သို့ ရောင်းချပြီး နိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ချက်ဗရွန်သည် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် တွဲဖက်လုပ်ကိုင်နေခြင်း ဖြစ်သည်။ 

ငွေသားတန်ဖိုး ပမာဏကို ထုတ်ပြောခြင်း မရှိသော်လည်း ရတနာစီမံကိန်းရှိ မိမိတို့၏ ပိုင်ဆိုင်မှုအားလုံးကို ကနေဒါကုမ္ပဏီ MTI ၏ လက်အောက်ခံကုမ္ပဏီခွဲသို့ ရောင်းချရန် သဘောတူလိုက်ပြီဖြစ်ကြောင်း သောကြာနေ့တွင် ပြောကြားသည်။

ချက်ဗရွန်သည် မြန်မာနိုင်ငံတွင်း ၎င်း၏ လုပ်ငန်းများကို ၂၀၀၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့သည်။ ကနဦးတွင် ရတနာစီမံကိန်းကို ချက်ဗရွန်၊ တိုတယ်၊ ထိုင်းကုမ္ပဏီ PTTEP နှင့် MOGE တို့ ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်သည်။ 

ပြင်သစ်စွမ်းအင်ကုမ္ပဏီ တိုတယ် (Total) သည်လည်း မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုအားလုံးကို ရောင်းချပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် နိုင်ငံမှ ထွက်ခွာခဲ့သည်။ တိုတယ်သည် ရတနာစီမံကိန်း၏ ရှယ်ယာ ၃၁.၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သည့် ကုမ္ပဏီဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် လုပ်ငန်းလည်ပတ်ငွေသည် အမေရိကန်ဒေါ်လာ ၁၀၅ သန်းရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

တိုတယ် နုတ်ထွက်သွားပြီးနောက် ချက်ဗရွန်သည် တိုတယ်ထံမှ ရှယ်ယာအချို့ကို ဝယ်လိုက်ပြီး ရတနာအတွက် စုစုပေါင်း ရှယ်ယာပိုင်ဆိုင်မှု ၄၁ ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းသည် မြန်မာနိုင်ငံ အနောက်တောင်ဘက် ကမ်းလွန်၌ တည်ရှိသည်။ စီမံကိန်းမှ နှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ ၆ ဘီလျံခန့်ထွက်ရှိသည်။ ဓာတ်ငွေ့ ၃၀ ရာခိုင်နှုန်းကို ပြည်တွင်းတွင် သုံးပြီး ၇၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချသည်။

ချက်ဗရွန်သည် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချထားသည့်ကုမ္ပဏီ ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ်က အရပ်သားအစိုးရကို ဖမ်းဆီးဖြုတ်ချကာ အာဏာသိမ်းယူမှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ချက်ဗရွန်အပါအဝင် အခြားသော ပြည်ပရေနံကုမ္ပဏီများသည် မြန်မာနိုင်ငံရှိ ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ 

ဗီဒီယိုများ