အမေရိကန်တွင် ဆယ်စုနှစ်တစ်ခုနီးပါး ကာလအတွင်း ပိုလီယိုရောဂါ ပထမဆုံးတွေ့ရှိ

အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်တစ်စုနီးပါးအတွင်း ပိုလီယိုရောဂါပိုး ပထမဆုံးတွေ့ရှိမှုကို ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။ နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနသည် မက်ဟက်တန်မြောက်ပိုင်း ၄၈ ကီလိုမီတာအကွာရှိ ရော့ခ်လန်းစီရင်စုတွင် နေထိုင်သူတစ်ဦးတွင် ရောဂါပိုး တွေ့ရှိကြောင်း ကြေညာခဲ့သည်။

25 Jul 2022

အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာများ(CDC) မှ ပုံဖော်ထားသည့် ပိုလီယို ဗိုင်းရပ်စ်ပိုးအမှုန်လေးတစ်ခုကို ၂၀၁၄ ခုနှစ်က ရေးဆွဲထားသည်ကိုမြင် တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

DMG ၊ ဇူလိုင် ၂၅

အမေရိကန်ပြည်ထောင်စုတွင် ဆယ်စုနှစ်တစ်စုနီးပါးအတွင်း ပိုလီယိုရောဂါပိုး ပထမဆုံးတွေ့ရှိမှုကို ဇူလိုင်လ ၂၁ ရက်နေ့က ထုတ်ပြန်လိုက်သည်။ နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနသည် မက်ဟက်တန်မြောက်ပိုင်း ၄၈ ကီလိုမီတာအကွာရှိ ရော့ခ်လန်းစီရင်စုတွင် နေထိုင်သူတစ်ဦးတွင် ရောဂါပိုး တွေ့ရှိကြောင်း ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် ပိုလီယိုရောဂါဖြစ်ပွားမှု နောက်ဆုံးမှတ်တမ်းရှိခဲ့ကြောင်း ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာများ(CDC)၏ အချက်အလက် များအရ သိရသည်။

နောက်ဆုံးကူးစက်ခံရသည့် မှတ်တမ်းသည် “ပိုလီယိုရောဂါကာကွယ်ဆေး သောက်ဆေး (Oral Polio Vaccine-OPV) သုံးစွဲထားသူတစ်ဦးထံမှ ကူးစက်ခံထားရသည့် ကွင်းဆက်တစ်ခုကို ညွှန်ပြ” နေသည့် အမျိုးအစားတစ်မျိုးဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ကာကွယ်ဆေး သောက်ဆေးကို ၂၀၀၀ ပြည့်နှစ်တွင် အသုံးပြုခြင်း ရပ်ဆိုင်းခဲ့သည်။

“ပြန်လည်ဖြစ်ပွားလာသည့် ဗိုင်းရပ်စ်မျိုးကွဲများသည် အာနိသင်ပျက်ပြယ်နေသည့် ကာကွယ်ဆေးများမှ မထွက်လာနိုင်သဖြင့် ဗိုင်းရပ်စ်ပိုးသည် ကာကွယ်ဆေးမသုံးစွဲသည့် အမေရိကန်နိုင်ငံပြင်ပ နေရာတွင် အစပြုလာခဲ့သည်ဟု ယူဆကြောင်း” နယူးယောက်ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

နောက်ထပ်ရောဂါပိုးရှိသူများကို သတိထားစောင့်ကြည့်သွားရန်နှင့် မိမိပြည်နယ်အတွင်း ကာကွယ်ဆေး မထိုးထားသူများကိုလည်း ဆေးထိုးနှံသွားနိုင်ရေး တိုက်တွန်းသွားရန် တာဝန်ရှိသူများက ကျန်းမာရေးဝန်ထမ်းများကို သတိပေးထားသည်။

ယခုရောဂါတွေ့ရှိသူသည် အမေရိကန်အပြင်ဘက်ကို ခရီးမသွားဖူးသူ လူရွယ်တစ်ဦးဖြစ်ကြောင်း ကြာ သပတေးနေ့က ထုတ်ပြန်ချက်တစ်ခုတွင် ရော့ခ်လန်း စီရင်စု ကျန်းမာရေး ကော်မရှင်နာ ဒေါက်တာ ပက်ထရစ်ရှာ ရှနာဘဲ ရူးပက်က ပြောကြားသည်။ ရောဂါလက္ခဏာများကို ပြီးခဲ့သည့်တစ်လအတွင်း စတင်ခံစားခဲ့ရပြီး လူနာသည် အားနည်းမှုနှင့် အကြောသေမှုခံစားလာခဲ့ရကြောင်း သူကဖြည့်စွက် ပြောဆိုသည်။

“လူနာရဲ့မိသားစုနဲ့ ရင်းနှီးတဲ့မိတ်ဆွေများကို အနီးပတ်ဝန်းကျင်တွင် အန္တရာယ်ရှိလာနိုင်မှု အခြေအနေကို ကျွန်မတို့ ဆန်းစစ်လေ့လာနေပါတယ်” ဟု သူက ပြောသည်။

စီရင်စု၏ ကျန်းမာရေးဌာနသည် ဒေသဆိုင်ရာ ကျန်းမာရေးစနစ်ကို ကောင်းစွာလည်ပတ်ရန် စီရင်စု အကြီးအကဲများနှင့် ပူးပေါင်းလုပ်ဆောင်နေပြီး လူထုကို အသိပေးရန်နှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးရရှိရေး ဆောင်ရွက်သွားရန် ဆောင်ရွက်နေကြောင်း ကျန်းမာရေး ကော်မရှင်နာက ဆက်လက်ပြောကြားခဲ့သည်။

ဗီဒီယိုများ