သမ္မတဘိုင်ဒန်နှင့် ပုပ်ရဟန်းမင်းကြီးတို့ အစ္စရေး-ပါလက်စတိုင်းအရေး ဖုန်းဆက်ဆွေးနွေး

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့သည် အောက်တိုဘာလ ၂၂ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 23 Oct 2023

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က ပုပ်ရဟန်းမင်းကြီးနှင့် သမ္မတဘိုင်ဒန်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - Catholic News Agency
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က ပုပ်ရဟန်းမင်းကြီးနှင့် သမ္မတဘိုင်ဒန်တို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - Catholic News Agency

DMG ၊ အောက်တိုဘာ ၂၃

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့သည် အောက်တိုဘာလ ၂၂ ရက်နေ့က တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါဆွေးနွေးမှုအတွင်း အရှေ့အလယ်ပိုင်းတွင် အစ္စရေးနှင့် ပါလက်စတိုင်း လက်နက်ကိုင် ဟားမားစ်တို့အကြားဖြစ်ပွားနေသည့် ပဋိပက္ခကိုဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်နှင့် ဗာတီကန်တို့က သီးခြားစီထုတ်ပြန်ခဲ့ကြသည့် ကြေညာချက်များ၌ ဖော်ပြထားသည်။

ဒေသတွင်းအခြေအနေ ပိုဆိုးလာမှုကို တားမြစ်ရန်နှင့် အရှေ့အလယ်ပိုင်းတွင် ရေရှည်တည်မြဲမည့် ငြိမ်းချမ်းရေးဆီ ဦးတည်ဆောင်ရွက်ရန် လိုအပ်ချက်တို့ကို ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖုန်းခေါ်ဆိုမှုသည် မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ကမ္ဘာ့ပဋိပက္ခအခြေအနေများနှင့် ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းများရှာဖွေရန် လိုအပ်မှုတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်ဟု ဗာတီကန်က အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သော အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေးကို ဟားမားစ်တို့ တိုက်ခိုက်မှုအတွင်း လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့သည်။ ထိုအချိန်မှစ၍ အစ္စရေးဘက်ကလည်း ဂါဇာကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ကာ လက်တုံ့ပြန်လျက်ရှိသည်။ အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက် ၄၇၀၀ ရှိနေပြီဟု ပါလက်စတိုင်း အာဏာပိုင်တို့က ပြောကြားထားသည်။

ကက်သိုလစ်တစ်ဦးဖြစ်သည့် ဘိုင်ဒန်သည် ပုပ်ရဟန်းမင်းကြီးနှင့် ဖုန်းခေါ်ဆိုဆွေးနွေးမှုအတွင်း ဟားမားစ်တို့၏ တိုက်ခိုက်မှုကို ရှုတ်ချခဲ့သလို ဂါဇာရှိ အရပ်သားများကို အကာအကွယ်ပေးရန် လိုအပ်မှုကိုလည်း ထပ်လောင်းပြောကြားခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီးသည် ဟားမားစ်တို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဓားစာခံများကို ပြန်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သူ ဖြစ်သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်ကလည်း သောကြာနေ့က ဓားစာခံ အမေရိကန်နိုင်ငံသား နှစ်ဦး ပြန်လည်လွတ်မြောက်လာပြီးနောက်တွင် နောက်ထပ် ဓားစာခံများကိုလည်း ဟားမားစ်တို့ လွှတ်ပေးဦးမည်ဟု မျှော်လင့်ထားကြောင်း တနင်္ဂနွေနေ့က ပြောကြားသည်။

ယမန်နေ့အစောပိုင်းက ပုပ်ရဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်တွင် မိန့်ခွန်းပြောကြားရာ၌လည်း အင်ဂျလီကန်ဆေးရုံနှင့် ဂရိအော့သိုဒေါက် ဘုရားကျောင်းတို့ပါ ဗုံးကြဲခံခဲ့ရသည့် ဂါဇာရှိ အရေးပေါ်အခြေအနေအတွက် လွန်စွာ စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့သည်။

“ညီနောင်တို့၊ ရပ်ကြပါတော့” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားသည်။

အစ္စရေးတို့ သိမ်းပိုက်ထားသည့် ပါလက်စတိုင်း နယ်မြေများအနက် တစ်ခုဖြစ်သည့် ဂါဇာဒေသသည် ၄၅ ကီလိုမီတာ ရှည်လျားသည့် ကမ်းမြောင်ဒေသဖြစ်ကာ အခြေချနေထိုင်သူပေါင်း ၂ ဒသမ ၃ သန်းခန့် ရှိသည်။

ဗီဒီယိုများ