ယူကရိန်းစစ်အတွက် အရပ်သားများအား အရန်တပ်စုဆောင်းမည့် အစီအစဉ်ကို ရုရှားတွင် ကန့်ကွက်ဆန္ဒပြ

အရပ်သားများအား ယူကရိန်းတိုက်ပွဲအတွက် အရန်တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းမည့် သမ္မတပူတင်၏ အစီအစဉ်ကို ရုရှားနိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများထွက်ပေါ်ခဲ့ပြီး လူပေါင်း ၁၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

22 Sep 2022

ဓာတ်ပုံ - AFP

DMG ၊ စက်တင်ဘာ ၂၂

အရပ်သားများအား ယူကရိန်းတိုက်ပွဲအတွက် အရန်တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းမည့် သမ္မတပူတင်၏ အစီအစဉ်ကို ရုရှားနိုင်ငံတစ်ဝန်း ဆန္ဒပြပွဲများထွက်ပေါ်ခဲ့ပြီး လူပေါင်း ၁၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပူတင်၏ မိန့်ခွန်းအပြီးတွင် ရုရှားနိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၃၈ မြို့တွင် ဆန္ဒဖော်ထုတ်မှုများရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၁၃၃၂ ဦးရှိကြောင်း ရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များအား စောင့်ကြည့်မှတ်တမ်းတင်သည့် OVD-Info အဖွဲ့၏ မှတ်တမ်းကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

ယခုဆန္ဒထုတ်ဖော်မှုများသည် ယူကရိန်းကို ကျူးကျော်စစ် စတင်လိုက်ပြီဖြစ်ကြောင်း ရုရှားအစိုးရက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာခဲ့ပြီးနောက်ပိုင်း ပေါ်ပေါက်လာသည့် ဆန္ဒပြပွဲများအနက် အကြီးမားဆုံးလည်းဖြစ်သည်။

“လူတိုင်းက ကြောက်နေကြတယ်။ ကျွန်တော်တော့ ငြိမ်းချမ်းရေးသမားပဲ။ သေနတ်မပစ်ချင်ဘူး။ ခုအချိန်မှာ လမ်းထွက်ရတာကတော့ သိပ်အန္တရာယ်ကြီးတယ်။ မဟုတ်ရင် လူတွေအများကြီး ပါလာဦးမှာ”ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဗာဆီလီဖီဒိုရော့က ပြောကြားသည်။

ဆန္ဒပြမှုများအား ဖမ်းဆီးမှုများနှင့်ပတ်သက်ပြီး တရားမဝင်စုဝေးမှုပြုလုပ်ရန် ကြိုးပမ်းမှုများအား ဟန့်တားနိုင်ခဲ့သည်ဟု ရုရှားပြည်ထဲရေးဝန်ကြီးက ပြောကြားကြောင်း Interfax ရုရှားသတင်းအေဂျင်စီက ဖော်ပြသည်။ ဆန္ဒပြမှုများအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကာ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများကို ဖမ်းဆီးစစ်ဆေးနေသည်ဟုလည်း သတင်းကဖော်ပြသည်။

ယူကရိန်းစစ်ပွဲအတွက် မော်စကိုအနေဖြင့် ဖြစ်နိုင်သည့် စစ်ရေးဆောင်ရွက်ချက်အားလုံးကို ဆောင်ရွက်သွားမည်ဟု ရုရှားသမ္မတပူတင်က တီဗီမိန့်ခွန့်တစ်ရပ်တွင် ပြောကြားခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂုက ကနဦးအရန်တပ်ဖွဲ့ဝင် ၃ သိန်းခန့် ခေါ်ယူမည်ဟု ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

ဗီဒီယိုများ