ရှီကျင့်ဖျင် တရုတ်သမ္မတအဖြစ် တတိယအကြိမ် ရွေးချယ်ခံရ

သမ္မတရှီကျင့်ဖျင်သည် တရုတ်ပြည်ကြီး၏ သမ္မတအဖြစ် တတိယအကြိမ်မြောက် ထပ်မံ ရွေးချယ်ခံရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

By Admin 11 Mar 2023

ဓာတ်ပုံ - Reuters
ဓာတ်ပုံ - Reuters

သမ္မတရှီကျင့်ဖျင်သည် တရုတ်ပြည်ကြီး၏ သမ္မတအဖြစ် မတ်လ ၁၀ ရက်နေ့တွင် တတိယအကြိမ်မြောက် ထပ်မံ ရွေးချယ်ခံရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

ရှီကျင့်ဖျင်အလိုကျ ရှိနေသည့် လွှတ်တော်က သူ့ကို ယခုကဲ့သို့ ထပ်မံရွေးချယ်လိုက်သည့်အတွက် ရှီသည် ခေတ်သစ်တရုတ်ပြည်ကြီး၏ သမ္မတတာဝန်သက်တမ်း အရှည်ကြာဆုံး ထမ်းဆောင်သူ အဖြစ်ဖြင့် ရှိနေမည် ဖြစ်သည်။ 

လက်ရှိအသက် ၆၉ နှစ်အရွယ် ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံရေးတွင် အရေးအကြီးဆုံး ရာထူးနှစ်ခုဖြစ်သည့် ကွန်မြူနစ်ပါတီ ခေါင်းဆောင်နေရာနှင့် စစ်တပ်၏ စစ်ဦးစီးချုပ်နေရာတို့ကို နောက်ထပ်ငါးနှစ် ရယူရန် ပြီးခဲ့သောနှစ် အောက်တိုဘာလက စီစဉ်ခဲ့သည်။

ရှီကျင့်ဖျင်သည် ၎င်း၏ ကိုဗစ်သုည မူဝါဒနှင့် နောက်ဆက်တွဲ  ဖြစ်ရပ်များကြောင့် လူပေါင်း မရေမတွက်နိုင်အောင် သေဆုံးခဲ့ရမှုများနှင့် ပတ်သက်၍လည်း ဆန္ဒပြမှုများ ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်ခဲ့ရသည်။

ရှီ၏ လက်တွဲဖော် လီကျင်းကို ဝန်ကြီးရာထူးခန့်အပ်ရန် ပြီးခဲ့သည့် သီတင်းပတ်က ပုံစံချကျင်းပခဲ့သည့် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တွင် အဆိုပါပြဿနာရပ်များကို ရှောင်လွှဲခဲ့သည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“ရှီကျင့်ဖျင် - ကမ္ဘာ့ ပါဝါအရှိဆုံး ပုဂ္ဂိုလ်” စာအုပ်ကို တွဲဖက်ရေးသားခဲ့သူ အက်ဒရီယံဂေးဂျက်ကမူ ရှီကျင့်ဖျင်သည် ပုဂ္ဂိုလ်ရေးအလိုဆန္ဒဖြင့် ယခုရာထူးကို ရယူလိုခြင်းဟု မိမိ မယူဆကြောင်း အေအက်ဖ်ပီသို့ ပြောကြားသည်။

“သူ့မှာ တရုတ်ပြည်နဲ့ ပတ်သက်လို့ မျှော်မှန်းချက်တစ်ရပ်ရှိတယ်။ တရုတ်ကို ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံအဖြစ် သူမြင်ချင်တယ်” ဟု သူကဆိုသည်။

တရုတ်ပြည်ကြီးကို ထူထောင်သူ မော်စီတုန်းကာလ၏ ဒဏ်ရာဒဏ်ချက်များကို ရှောင်ကြဉ်လိုသည့် တရုတ်သည် နိုင်ငံကို တစ်ဦးတည်းအုပ်ချုပ်သည့် စနစ်ထက် အများသဘောဆန္ဒဖြင့် စီစဉ်ပြီး လုပ်ပိုင်ခွင့်ရှိထားဆဲ ခေါင်းဆောင်မှုပုံစံကို ပြောင်းလဲ ကျင့်သုံးခဲ့သည်။ အဆိုပါ ပုံစံကြောင့် ရှီကျင့်ဖျင်၏ ရှေ့မှ တရုတ်ခေါင်းဆောင်များ ဖြစ်ခဲ့သော ကျန်စီမင်းနှင့် ဟူကျင်တောင်တို့သည် ခေါင်းဆောင်နေရာတွင် ၁၀ နှစ်သာ သက်တမ်းယူခဲ့ကြသည်။

ရှီကျင့်ဖျင်ကမူ အဆိုပါ ပုံစံကို ဖောက်ဖျက်ကာ သက်တမ်းကန့်သတ်ချက် ဥပဒေကို ၂၀၁၈ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး လုပ်ပိုင်ခွင့်အပြည့်ယူထားသည့် ခေါင်းဆောင်မှုပုံစံကို ဖော်ဆောင်ခဲ့သည်။

အခြားတစ်ဘက်တွင်မူ ကမ္ဘာ့ စီးပွားရေးအင်အား ဒုတိယအကြီးဆုံး တရုတ်သည် စီးပွားရေးနှေးကွေးလာမှု၊ အိမ်ခြံမြေကဏ္ဍတွင် ပြဿနာများ ကြုံတွေ့နေရမှု၊ ကလေးမွေးဖွားနှုန်း ကျဆင်းလာမှုတို့နှင့် ရင်ဆိုင်နေရသည်။

တရုတ်သည် အမေရိကန်နှင့်လည်း ဆယ်စုနှစ်များစွာအတွင်း မကြုံဖူးသေးသည့် အတိုင်းအတာအထိ ဆက်ဆံရေး ဆုတ်ယုတ်လျက်ရှိပြီး လူ့အခွင့်အရေး ကိစ္စရပ်များမှသည် ကုန်သွယ်ရေးနှင့် နည်းပညာကဏ္ဍများအထိ အမေရိကန်နှင့် အငြင်းပွားနေရသည်။

ဗီဒီယိုများ