ဒုက္ခသည် တစ်ဦးတလေမျှ မြန်မာသို့မပြန်ရသေးဟု ကုလညီလာခံတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ပြော

မွတ်ဆလင်ဒုက္ခသည် တစ်ဦးမျှ ၎င်းတို့၏နေရပ်သို့ မပြန်ရသေးကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စနေနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ၇၇ ကြိမ်မြောက် အထွေထွေညီလာခံ၌ ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

24 Sep 2022

ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ။ ဓာတ်ပုံ - Dhaka Tribune

DMG ၊ စက်တင်ဘာ ၂၄

မွတ်ဆလင်ဒုက္ခသည် တစ်ဦးမျှ ၎င်းတို့၏နေရပ်သို့ မပြန်ရသေးကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စနေနေ့တွင် ပြောကြားလိုက်သည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် ၇၇ ကြိမ်မြောက် အထွေထွေညီလာခံ၌ ဝန်ကြီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“လုံခြုံပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တာတွေဆောင်ရွက်ရာမှာ မြန်မာကို အကူအညီပေးနိုင်ဖို့အတွက် မြန်မာနဲ့ နှစ်နိုင်ငံသဘောတူဆောင်ရွက်ချက်တွေ၊ ကုလသမဂ္ဂအပါအဝင် အခြားသောမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးမှုတွေ ရှိနေပေမယ့်လည်း ရိုဟင်ဂျာ တစ်ယောက်တလေမျှ မြန်မာနိုင်ငံက သူတို့ရဲ့ ဘိုးဘေးစဉ်ဆက်နေအိမ်တွေကို ပြန်မရောက်သေးပါဘူး”ဟု ဝန်ကြီးချုပ် ဟာဆီနာက အထွေထွေညီလာခံ၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးအတွက် ထိရောက်သော လုပ်ဆောင်ချက်များ ကူညီပေးကြရန်လည်း ဝန်ကြီးချုပ်က ကုလသမဂ္ဂနှင့် ကမ္ဘာ့ခေါင်းဆောင်များအား ပန်ကြားခဲ့သည်။

ဤပြဿနာသာ ရေရှည်ဆက်ရှိနေပါက ဒေသအတွင်းနှင့် ပြင်ပအထိပါ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်လာနိုင်ကြောင်းလည်း သူမက သတိပေးသည်။

“(မြန်မာ)နိုင်ငံတွင်း လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးအရှုပ်အထွေးနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေ အိမ်ပြန်နိုင်ရေးဟာ ခက်ခဲနေပါတယ်။ ဒီကိစ္စမှာ ကုလသမဂ္ဂက ထိရောက်တဲ့အခန်းကဏ္ဍက ပါဝင်ပေးဖို့ ကျွန်မမျှော်လင့်ပါတယ်”ဟုလည်း ဝန်ကြီးချုပ်က သူမ၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားရသော မွတ်ဆလင်စုစုပေါင်း ၇၃၀၀၀၀ ခန့်ရှိသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူ တစ်သန်းခန့်ရှိမည်ဟု ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်)က ခန့်မှန်းထားသည်။

ပုံစာ - ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနေသည့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ။ ဓာတ်ပုံ - Dhaka Tribune

ဗီဒီယိုများ