သီရိလင်္ကာတွင် စာသင်ကျောင်းများနှင့် အစိုးရရုံးများ ခေတ္တပိတ်

ပြည်ပမှ လောင်စာဆီဝယ်ယူတင်သွင်းရန် ဒေါ်လာငွေမရှိသောကြောင့် သယ်ယူပို့ဆောင်ရေးစနစ် ရပ်တန့်လုနီးပါးဖြစ်နေရာ အစိုးရရုံးများနှင့် စာသင်ကျောင်းများကို နှစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြာင်း သိရိလင်္ကာအာဏာပိုင်များက ဇွန်လ ၁၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

By Foreign Desk 19 Jun 2022

လောင်စာဆီဝယ်ရန် စောင့်ဆိုင်းနေသည့် ယာဉ်တန်းရှည်ကြီးအား ကိုလံဘိုမြို့တွင် သောကြာနေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇွန် ၁၉

ပြည်ပမှ လောင်စာဆီဝယ်ယူတင်သွင်းရန် ဒေါ်လာငွေမရှိသောကြောင့် သယ်ယူပို့ဆောင်ရေးစနစ် ရပ်တန့်လုနီးပါးဖြစ်နေရာ အစိုးရရုံးများနှင့် စာသင်ကျောင်းများကို နှစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြာင်း သိရိလင်္ကာအာဏာပိုင်များက ဇွန်လ ၁၇ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်သည်။

ပြည်သူ့ရေးရာ စီမံအုပ်ချုပ်မှုဝန်ကြီးဌာနသည် ဌာနအားလုံး၊ ပြည်သူ့ရေးရာအဖွဲ့အစည်းများ အားလုံးနှင့် ဒေသကောင်စီများအားလုံးကို ဓာတ်ဆီနှင့် ဒီဇယ်ပြတ်လတ်သွားသည့်အခြေအနေကို ကာမိစေရန် တနင်္လာနေ့မှစပြီး မရှိမဖြစ်ဝန်ဆောင်မှုများကိုသာ ဆက်လက် ဆောင်ရွက်သွားရန် အမိန့်ပေးထားသည်။

အများပြည်သူ့ပို့ဆောင်ရေး ယာဉ်မလုံလောက်မှုနှင့် သီးသန့်ယာဉ်များ မစီစဉ်ပေးနိုင်မှု တို့ကြောင့် လုပ်ငန်းခွင်ဝင်ရမည့် ဝန်ထမ်းအရေအတွက်ကို သိသိသာသာပင် လျှော့ချရန်ဆုံးဖြတ်ခဲ့ကြောင်း အစိုးရ၏ အမိန့်စာတွင် ဖော်ပြထားသည်။

ကျောင်းအားလုံး တနင်္လာနေ့မှစပြီး နှစ်ပတ်ကြာအောင် ပိတ်ထားရန်နှင့် ကျောင်းသားနှင့်ဆရာများ လျှပ်စစ်မီးရရှိပါက အွန်လိုင်းမှတစ်ဆင့် စာသင်ပေးသွားရန်လည်း ပညာရေးဝန်ကြီး ဌာနက ညွှန်ကြားထားသည်။

သီရိလင်္ကာကျွန်းနိုင်ငံ၏ မကြုံစဖူးစီးပွားရေးအကြပ်အတည်းကို ဖြေရှင်းရန် ကုလသမဂ္ဂက အစား အစာပြတ်လပ်နေသည့် ထောင်ပေါင်းများစွာသော ကိုယ်ဝန်ဆောင်များကို အစားအစာပံ့ပိုးပေးခြင်းဖြင့် အရေးပေါ်စီမံချက်တစ်ခု စတင်ဆောင်ရွက်ခဲ့ပြီးနောက် တစ်ရက်အကြာ ရုံးအားလုံး နှစ်ပတ်ပိတ်ရန် အစိုးရက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သီရိလင်္ကာနိုင်ငံတွင် လူငါးဦးအနက် လေးဦးသည် စားစရာမရှိ၍ အငတ်ခံနေရပြီဖြစ်ကာ လူသန်းနှင့်ချီ အကူအညီလိုအပ်နေပြီး “ဆိုးဝါးလှသော လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီး တစ်ခု” ပေါ်ပေါက်လာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးပြောကြားထားသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှစပြီး သီရိလင်္ကာသည် အဆိုးဝါးဆုံး စီးပွားရေးအကြပ်အတည်းကို ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်နှစ် နှောင်းပိုင်းကတည်းက နိုင်ငံအတွက် လိုအပ်သည့် အစားအစာ၊ ဆေးဝါးနှင့် လောင်စာဆီများတင်သွင်းရန် ငွေကြေးပေးချေနိုင်ခြင်း မရှိတော့ ပေ။

ဗီဒီယိုများ