ဆွစ်ဇာလန်မှ ရေခဲမြစ်များ ၁၉၃၀ နောက်ပိုင်း ထက်ဝက်အရွယ်အစားအထိ အရည်ပျော်

ဆွစ်ဇာလန်နိုင်ငံတွင် ရေခဲမြစ်များသည် ၁၉၃၁ နှင့် ၂၀၁၆ ခုနှစ်ကြားကာလအတွင်း မူလအရွယ်အစား၏ ထက်ဝက်ကျော်အထိ အရည်ပျော်ခဲ့ကြကြောင်း လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

04 Sep 2022

ဓာတ်ပုံ - Reuters

DMG ၊ စက်တင်ဘာ ၄

ဆွစ်ဇာလန်နိုင်ငံတွင် ရေခဲမြစ်များသည် ၁၉၃၁ နှင့် ၂၀၁၆ ခုနှစ်ကြားကာလအတွင်း မူလအရွယ်အစား၏ ထက်ဝက်ကျော်အထိ အရည်ပျော်ခဲ့ကြကြောင်း လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားသည်။

နိုင်ငံတွင်းရှိ ရေခဲမြစ်များ၏ ရေခဲအရွယ်အစားသည် ၈၅ နှစ်အတွင်း ၅၁.၁ ရာခိုင်နှုန်းအထိ ကျုံ့သွားခဲ့ကြောင်း သြဂုတ်လ ၂၂ ရက်နေ့ထုတ် ခရစ်ယိုစပီးယား သိပ္ပံဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာချက်တစ်ရပ်အရ သိရသည်။ ပမာဏအားဖြင့် ၆၂ ကုဗကီလိုမီတာအထိ ရှိကာ ယခုအခါ အရည်ပျော်မှုများ ပိုမိုမြန်ဆန်လာနေပြီး ၂၀၁၆ ခုနှစ်တွင် ထပ်တိုး ၁၂ ရာခိုင်နှုန်းအထိ ရည်ပျော်ကျခဲ့သည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။

ETH Zurhch နည်းပညာကောလိပ်မှ သုတေသီများ၊ သစ်တော၊နှင်းထုနှင့် မြေပြင်သုတေသန ဆိုင်ရာ ဗဟိုအင်စတီကျူ့မှ သုတေသီများသည် သမိုင်းဝင်ရေခဲမြစ်များ၏ ဆင့်ကဲဖြစ်စဉ်များကို မှတ်တမ်းတင်လေ့လာခဲ့ကြခြင်း ဖြစ်သည်။

“ဒီလိုမျိုး ရှည်လျားတဲ့ကာလတစ်ခုမှာ ရေခဲမြစ်တွေ ဘယ်လိုပုံစံပြောင်းလဲသွားကြတယ်ဆိုတာကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အချက်အလက်တွေ သိပ်မရှိတဲ့အတွက် ကျွန်တော်တို့ရဲ့ လေ့လာမှုက တကယ်အရေးပါပါတယ်” ဟု ETH Zurich မှ ရေခဲမြစ်လေ့လာရေးပညာဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သလို လေ့လာမှုကို ပူးတွဲရေးသားခဲ့သူလည်း ဖြစ်သည့် ဒန်နီယယ်ဖာရင်နော့တီက ကျိုဒိုသတင်းဌာနသို့ ပြောကြားသည်။

ရေခဲမြစ်များ အရွယ်အစားလျော့ကျလာမှုသည် ယခင်ခန့်မှန်းခဲ့သည်ထက် ၂၀ ရာခိုင်နှုန်း ပိုမိုများပြားနေသည်ကို လေ့လာချက်အရ တွေ့ရသည်ဟုလည်း ဖာရင်နော့တီက ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ ရေခဲမြစ်များသည် သက္ကရာဇ် ၂၁၀၀ အရောက်တွင် ၎င်းတို့၏ရေခဲအရွယ်အစား၏ ၄၇ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ခြေရှိပြီး ဥရောပနှင့် အခြားဒေသများရှိ ရေခဲမြစ်အငယ်စားများသည် ၈၀ ရာခိုင်နှုန်းအထိ ဆုံးရှုံးရဖွယ်ရှိသည်ဟု ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအစိုးရချင်း ချိတ်ဆက်ဆောင်ရွက်ရေးအဖွဲ့က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။

ဗီဒီယိုများ