သြစတြေးလျမှာ မင်္ဂလာပွဲမှပြန်လာသည့် ဘတ်စ်ကား တိမ်းမှောက်ပြီး ဆယ်ဦး သေဆုံး

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အနီးရှိ ဝိုင်ထုတ်လုပ်ရာ ဒေသတစ်ခုတွင် ကျင်းပသည့် မင်္ဂလာပွဲမှ ပြန်လာသည့်ဧည့်သည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး တိမ်မှောက်သဖြင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

By Admin 12 Jun 2023

ဓာတ်ပုံ - news.com.au
ဓာတ်ပုံ - news.com.au

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အနီးရှိ ဝိုင်ထုတ်လုပ်ရာ ဒေသတစ်ခုတွင် ကျင်းပသည့် မင်္ဂလာပွဲမှ ပြန်လာသည့်ဧည့်သည်များ လိုက်ပါလာသော ဘတ်စ်ကားတစ်စီး တိမ်မှောက်သဖြင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

တနင်္ဂနွေနေ့ညဉ့်က အဆိုပါယာဉ်တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် အရေးပေါ်ဝန်ထမ်း တစ်ဆယ်ကျော်က မြူခိုးများ အုံ့ဆိုင်းနေသည့်ကြားမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး လူပေါင်း ၂၀ ကျော်ကိုလည်း နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တိမ်းမှောက်မှု ဖြစ်ပွားရာ နေရာတစ်ဝိုက်ကို ရဲမှုခင်းတပ်ဖွဲ့နှင့် ယာဉ်မတော်တဆမှုများ စုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးလျက်ရှိကာ အသက် ၅၈ နှစ်အရွယ် ဘတ်စ်ကားဒရိုင်ဘာကိုလည်း လတ်တလောတွင် ဆေးရုံတစ်ခု၌ စစ်ဆေးမေးမြန်းနေပြီး သူ့အပေါ် စွဲချက်တစ်စုံတစ်ရာ မတင်ရသေးပေ။

ယာဉ်တိမ်းမှောက်ချိန်၌ ကားလမ်းတစ်ဝိုက်တွင် မြူခိုးများ အုံ့ဆိုင်းနေခဲ့ပြီး ကယ်ဆယ်ရေးရဟတ်ယာဉ်အချို့မှာ မြေပြင်သို့ ချက်ချင်း မဆင်းသက်နိုင်ခဲ့ကြပေ။

ဘတ်စ်ကားတိမ်းမှောက်ရာ နေရာအနီးမှ လမ်းဆုံအဝိုင်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ရှိနေသည်မှာ လပေါင်းများစွာ ကြာပြီဖြစ်ကာ ယာဉ်လမ်းကြောကိုလည်း တစ်လမ်းမောင်း သတ်မှတ်ထားကြောင်း အေဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုတိမ်းမှောက်မှုသည် သြစတြေးလျတွင် ၂၀၀၇ ခုနှစ်နောက်ပိုင်း အသေအပျောက် အများဆုံး မတော်တဆမှုလည်း ဖြစ်သည်။

“အခုလို လှပတဲ့နေရာမှာ ဝမ်းသာပျော်ရွှင်ကြရမယ့်နေ့ဟာ ဒီလိုမျိုး ထိတ်လန့်ဖွယ်ရာ အသက်ဆုံးရှုံးရမှုနဲ့ အဆုံးသတ်သွားတာကတော့ ဆိုးရွားလွန်းပြီး ဝမ်းနည်းစရာ ကောင်းလှပါတယ်” ဟု သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီအယ်လ်ဘန်နစ်စ်က ပြောကြားသည်။

မတော်တဆမှု ဖြစ်ဖြစ်ချင်း အဆိုပါနေရာသို့ သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများကိုလည်း မိမိအနေဖြင့် ကျေးဇူးတင်ကြောင်း ဝန်ကြီးချုပ်၏ ပြောကြားချက်ကို အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

ဗီဒီယိုများ