အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် ရွေးကောက်ပွဲထပ်ပြိုင်မည်ဟု တရားဝင်ကြေညာ

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အသိပေးကြေညာလိုက်သည်။ ကြားကာလ ရွေးကောက်ပွဲတွင် ရီပါပလစ်ကန်တို့အတွက် စိတ်ပျက်စရာ ရလဒ်များ ထွက်ခဲ့ပြီး နောက်တစ်ပတ်အကြာတွင် ထရမ့်က ယခုကဲ့သို့ ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

By Admin 16 Nov 2022

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် ရွေးကောက်ပွဲထပ်ပြိုင်မည်ဟု တရားဝင်ကြေညာ

အမေရိကန်သမ္မတရွေးကောက်ပွဲ ထပ်ဝင်မည်ဟု ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကြေညာနေသည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်။ ဓာတ်ပုံ - AP

DMG | နိုဝင်ဘာ ၁၆

၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်မည်ဟု သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အသိပေးကြေညာလိုက်သည်။ ကြားကာလ ရွေးကောက်ပွဲတွင် ရီပါပလစ်ကန်တို့အတွက် စိတ်ပျက်စရာ ရလဒ်များ ထွက်ခဲ့ပြီး နောက်တစ်ပတ်အကြာတွင် ထရမ့်က ယခုကဲ့သို့ ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။

“အမေရိကကို ကြီးကျယ်အောင်၊ အောင်မြင်မှုရအောင် ထပ်လုပ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်တင်သွင်းလိုက်ကြောင်း ဒီနေ့ညမှာ ကျွန်တော် ကြေညာလိုက်ပါတယ်” ဟု ဒေါ်နယ်ထရမ့်က ပြောကြားသည်။ ၎င်းပိုင်ဆိုင်သည့် မာအေလာဂိုကလပ်ရှိ ကပွဲခန်းမ၌ ပြုလုပ်သည့် အခမ်းအနားတွင် ရာပေါင်းများစွာရှိသော ၎င်းကိုထောက်ခံသူများအား အသိပေးလိုက်ခြင်း ဖြစ်သည်။

“ဒီနိုင်ငံဖြစ်ထွန်းလာနိုင်တဲ့ စစ်မှန်တဲ့အောင်မြင်မှုကို ကမ္ဘာကြီးက မမြင်တွေ့ရသေးဘူးလို့ ကျွန်တော်ယုံကြည်တဲ့အတွက် အခုလို ဝင်ပြိုင်ရတာ ဖြစ်ပါတယ်” ဟုလည်း ထရမ့်က ဆိုသည်။

ထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်ကို လက်ခံရန် ငြင်းဆိုခဲ့သူ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတထရမ့် ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်းကိုထောက်ခံသူများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် အမေရိကန် လွှတ်တော် အဆောက်အအုံကို ဝင်ရောက်စီးနင်းခဲ့ကြသည်။

ရီပါပလစ်ကန် ပါတီအနေဖြင့် ယခုကဲ့သို့ အနေအထား၌ ထရမ့်ကို အားပေးလက်ခံရန် ဖိအားများ ရှိလာမည့်သဘော ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လတ်လလောတွင် ဒေါ်နယ်ထရမ့်သည် တရားစွဲဆိုခံရနိုင်ခြေရှိသည့် အမှုများအပါအဝင် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် ရင်ဆိုင်နေရသည်။ အဆိုပါစုံစမ်းမှုများတွင် ၎င်းပိုင် မာအေလာဂိုကလပ်ကို အက်ဖ်ဘီအိုင်က ဝင်ရောက်စီးနင်းစဉ် တွေ့ရှိခဲ့သည့် လျှို့ဝှက်စာရွက်စာတမ်းများကိစ္စ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန်ကြိုးပမ်းခဲ့သည့်သံသယဖြင့် ဗဟိုအစိုးရက လက်ရှိစုံစမ်းစစ်ဆေးမှုများလည်း ပါဝင်သည်။

လက်ရှိသမ္မတ ဘိုင်ဒန်သည်လည်း ၂၀၂၄ ရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက် ယှဉ်ပြိုင်ရန်ရည်ရွယ်ထားသည်။

ဘိုင်ဒန်သည် အသက် ၇၉ နှစ်ရှိပြီဖြစ်ကာ ဒေါ်နယ်ထရမ့်သည် ၇၆ နှစ်ရှိပြီး နှစ်ဦးလုံးသည် သမ္မတလောင်း ရွေးကောက်ပွဲဝင်ရန် တင်သွင်းထားသူများအနက် အသက်အကြီးဆုံးဖြစ်သည်။

ဗီဒီယိုများ